ရုရှားအစိုးရရန်က လွတ်အောင် သတင်းမှားလွှင့်ခဲ့တာလို့ ယူကရိန်းပြော

ယူကရိန်းသမ္မတနဲ့အတူ တွေ့ရတဲ့ ဘက်ချင်ကို
အာကာဒီ ဘက်ချင်ကိုလို့ ခေါ်တဲ့ ရုရှား လူမျိုး သတင်းစာဆရာ တစ်ယောက် အသတ်ခံရလို့ သေပြီဆိုပြီး သတင်းလွှင့်ခဲ့ပြီးမှ သတင်းစာ ရှင်းလင်းပွဲ တစ်ခုမှာ ဘွားဘွားကြီး သက်ရှိထင်ရှား ပြန်ပေါ် လာပါတယ်။

သည်းထိတ်ရင်ဖို ရုပ်ရှင်တွေ၊ ဝတ္ထုတွေထဲက လိုပါပဲ။ ရုရှား အစိုးရက မစ္စတာ ဘက်ချင်ကိုကို လုပ်ကြံ သတ်ဖြတ်ဖို့ ကြံစည်ထားတဲ့ အတွက် လုပ်ကြံမှုကနေ လွတ်မြောက်အောင် သူ သေပြီဆိုတဲ့ အကြောင်း ရည်ရွယ်ချက်ရှိရှိ ဖန်တီး ခဲ့ရတာ ဖြစ်တယ်လို့ ယူကရိန်း ထောက်လှမ်းရေး ဌာနရဲ့ အကြီးအကဲကလည်း ထုတ်ဖော် ပြောလာပါတယ်။

ယူကရိန်း ထောက်လှမ်းရေးရဲ့ အဆိုအရတော့ ရုရှားအစိုးရက အဲဒီ သတင်းစာဆရာကို သတ်ဖြတ်ဖို့ ကြေးစား လူသတ်သမား ငှားထားတဲ့ အတွက် ကြေးစား လူသတ်သမားကို ဖမ်းမိနိုင်ဖို့ မစ္စတာဘက်ချင်ကို အသတ် ခံရတဲ့ သတင်းကို လွှင့်ခဲ့တာလို့ ဆိုပါတယ်။

ယူကရိန်းရဲတပ်ဖွဲ့ကလည်း ဒီကိစ္စမှာ လူတစ်ယောက်ကို ဖမ်းမိ ထားတယ်လို့ ထုတ်ပြန်ပါတယ်။

မစ္စတာ ဘာပ်ချန်ကိုကို သတ်ပေးဖို့ ဒေါ်လာ ၃ သောင်းပေးပြီး လူသတ်သမား ငှားခဲ့တဲ့ ယူကရိန်း နိုင်ငံသား တဦးကို ဖမ်းဆီး ခဲ့တယ်လို့ ဆိုပါတယ်။
ဘက်ချင်ကို အသတ်ခံရတဲ့ သတင်းကြောင့် ကိယက်မြို့ ရင်ပြင်မှာ သတင်းသမားတွေ စုဝေးခဲ့
သမ္မတပူတင် ဦးဆောင်တဲ့ ရုရှား အစိုးရအပေါ် ဝေဖန်တဲ့ သတင်းတွေ ရေးခဲ့တဲ့ မစ္စတာ ဘက်ချင်ကိုဟာ ရုရှားထဲ ဆက်နေရင် အသက်အန္တရာယ် စိုးရိမ်ရလို့ တိုင်းပြည်ပြင်ပ ထွက်လာ ခဲ့ရသူ ဖြစ်ပါတယ်။

ယူကရိန်း မြို့တော် ကိယက်ဗ်မှာရှိတဲ့ သူနေတဲ့ တိုက်ခန်းရဲ့ အဝင်ဝမှာ သေနတ် ဒဏ်ရာတွေနဲ့ မစ္စတာ ဘက်ချင်ကို လဲကျနေတာ တွေ့ရတယ်လို့ သူ့ ဇနီးသည်က မနေ့တုန်းက ပြောခဲ့ပြီး၊ ဆေးရုံ အပို့ လူနာတင် ယာဉ်ပေါ်မှာပဲ သေဆုံး သွားတယ်လို့ ယူကရိန်း အာဏာပိုင်တွေက တရားဝင် သတင်း ထုတ်ပြန် ခဲ့တာပါ။

သူသေနတ်ဒဏ်ရာတွေနဲ့ လဲနေတဲ့ ပုံစံမျိုး တကယ် လုပ်ပြခဲ့ပြီး၊ ဒါဟာ ယူကရိန်း ထောက်လှမ်းရေးနဲ့ လက်ဝါးချင်း ရိုက်ထားတဲ့ ဇာတ်လမ်းမှန်း ဇနီးသည် ကိုယ်တိုင် သိပုံ မရခဲ့ပါဘူး။

သူ အသတ်ခံရပြီ ဆိုတဲ့ သတင်းကို ကမ္ဘာအနှံ့ မီဒီယာတွေက ဖော်ပြ ခဲ့ပါတယ်။

ကိယက်ဗ်မှာ အခုနှစ်ပိုင်းတွေထဲ စာနယ်ဇင်းသမားတွေ၊ နိုင်ငံရေးသမားတွေ အပါအဝင် လူသိများသူတွေ လုပ်ကြံ သတ်ဖြတ် ခံခဲ့ရတဲ့ အဖြစ်တွေ ရှိနေခဲ့ပြီး၊ အသတ်ခံရ အတိုက်ခိုက် ခံရသူ အများစုက ရုရှား အစိုးရကို ဝေဖန်သူတွေ ဖြစ်နေပါတယ်။
ရုရှားအစိုးရက လူသတ်သမား ငှားထားတယ်လို့ စွပ်စွဲနေ
မစ္စတာ ဘက်ချင်ကိုဟာ သူ အသတ်ခံရပြီ ဆိုတဲ့ သတင်းလွှင့်ခဲ့ပြီး ၂၄ နာရီ မပြည့်ခင်မှာပဲ ယူကရိန်း ထောက်လှမ်းရေးက လုပ်နေတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ လူလုံးပြန် ထွက်ပြ လာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာတော့ မစ္စတာ ဘာပ်ချန်ကိုက ယူကရိန်း လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ကျေးဇူးတင်စကား ပြောဆိုခဲ့ပြီး စိတ်ဆင်းရဲအောင် လုပ်မိတဲ့ အတွက် တောင်းပန်ပါတယ် ဆိုပြီးတော့လည်း ဇနီးဖြစ်သူကို ပြောခဲ့ပါတယ်။

"ရုရှားက ငွေပေးပြီးခိုင်းတဲ့ လူသတ်သမားကို ဖမ်းနိုင်ဖို့ ယူကရိန်း ထောက်လှမ်းရေး ကြိုးစား နေတာ ၂ လ ရှိပါပြီ။ ကျနော့်ကို အသိပေးလာတာကတော့ အရင်တစ်လကမှပါ။ လိုအပ်တဲ့ အချက်အလက် အသေးစိတ် အားလုံး ပြည့်စုံပြီဆိုမှာ အကောင်အထည် ဖော်ခဲ့တာ ဖြစ်တယ်"လို့ မစ္စတာ ဘက်ချက်ကိုက ဆိုပါတယ်။

ရုရှားအစိုးရ အပေါ် ဆန့်ကျင်သူတွေကို လူသတ်သမား ငှားပြီး အပြတ်ရှင်းနေတယ် ဆိုတဲ့ စွပ်စွဲမှုကို ရုရှား နိုင်ငံခြားရေး ဌာနက အပြင်းအထန် ကန့်ကွက် ရှုတ်ချပါတယ်။

ရုရှားကို အသရေဖျက်တဲ့ နိုင်ငံရေး ကစားကွက်လို့ တုံ့ပြန်ပါတယ်။
ယူကရိန်း အုံကြွမှုတွေ ဖြစ်တုန်းက သတင်းယူနေတဲ့ ဘက်ချင်ကို
"ဘယ်ရှရှားအေးဂျင့်ကိုမှ ဖမ်းဖို့ လုပ်တာ မဟုတ်ဘူး၊ ဘက်ဘ်ချင်ကိုကို လူစွမ်းကောင်း ဟီးရိုးသဖွယ် ဖန်တီးပြီး၊ ရုရှားကို ရန်လိုတဲ့ တိုင်းပြည်အဖြစ် ပုံဖော်လိုတာ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ပဲ"လို့ ရုရှား ဒူးမား လွှတ်တော်ရဲ့ အမတ်တစ်ယောက်လည်းဖြစ်၊ အာဏာရ ယူနိုက်တက်ရုရှားပါတီ အဖွဲ့ဝင်လည်း ဖြစ်တဲ့ ဗစ်တလီ မီလိုနော့ဗ်ကလည်း ဘီဘီစီကို ပြောပါတယ်။

လုံခြုံရေးဆိုင်ရာ ဘီဘီစီသတင်းထောက် ဖရန့် ဂါဒနာ သုံးသပ်တာကတော့ အခု အဖြစ်အပျက်ဟာ သတင်းတု သတင်းလိမ် ဆိုတာ ဘာလဲ ဆိုတာရဲ့ ဥပမာကောင်းလို့ ပြောရမှာထက် နိုင်ငံတစ်နိုင်ငံရဲ့ အစိုးရကိုယ်တိုင်က ကြံရွယ်ချက် ရှိရှိ သတင်းမှား တစ်ရပ်ကို ထုတ်ပြန်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်ဆံရေး အဆိုးဆုံး အခြေအနေမှာ ရောက်နေတဲ့ ရုရှား-ယူကရိန်း နှစ်နိုင်ငံကြား အခြေအနေဟာ ဒီ လုပ်ကြံဇာတ်လမ်းကြောင့် ပိုပြီး ရှုပ်ထွေးလာဖို့ပဲ ရှိတယ်လို့ ဖရန့် ဂါဒနာက ဆိုပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရုရှားအစိုးရရန်က လွတ်အောင် သတင်းမှားလွှင့်ခဲ့တာလို့ ယူကရိန်းပြော ရုရှားအစိုးရရန်က လွတ်အောင် သတင်းမှားလွှင့်ခဲ့တာလို့ ယူကရိန်းပြော Reviewed by THITHTOOLWIN on 10:07 Rating: 5
Powered by Blogger.