မုန်တိုင်းထဲ ငါးဖမ်းစက်လှေနစ်၍ ရေထဲမျောပါသူ နှစ်ဦးထဲမှ တစ်ဦး အသက်ရှင်၊ တစ်ဦးပျောက်ဆုံးနေ

(အသက်ရှင်သူ ကိုသိန်းစိုး/ ဓာတ်ပုံ- ကိုချစ်ကျော်)
နိရဉ္စရာ၊ မေ ၃၀

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ဂျိတ္တောကျေးရွာမှ ငါးဖမ်းသမား နှစ်ဦးလိုက်ပါလာသော ငါးဖမ်း စက်လှေတစ်စီး စက်ပျက်ကာ ပင်လယ်ထဲနစ်မြုပ်သွားခဲ့ပြီး တစ်ဦးမှာ သေကံမရောက် သက်မပျောက်ဘဲ ကမ်းသို့ ကူးခတ်ရောက်ရှိလာခဲ့သော်လည်း နောက်တစ်ဦးမှာ ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။

အသက်မသေဘဲ ကမ်းသို့ရောက်ရှိလာသူမှာ ကိုသိန်းစိုး(ဘ) ဦးစံသိန်းဖြစ်ပြီး ပျောက်ဆုံးနေသူမှာ ဦးသန်းဇော်( ၄၅) နှစ်ဖြစ်သည်။ သူတို့နှစ်ဦးမှာ သံတွဲမြို့နယ်၊ ဂျိတ္တော(၂)ရပ်ကွက်၊ ဒိုင်းမွန်းဟိုတယ်လမ်းကြားထဲတွင် နေထိုင်သူများ ဖြစ်ကြောင်း သိရသည်။

“ ကျွန်တော်တို့က သံတွဲမြို့နယ် မောင်ရွှေလေး အနီး ငါးဖမ်းစက်လှေနဲ့ ငါးဖမ်းထွက်ပါတယ်။ လှေက စက်ပျက်ပြီး ပင်လယ်ထဲ မျောပါနေရင်းနဲ့ မုန်တိုင်းနဲ့မိတော့ မေ ၂၉ ရက် မနက် အစောကြီး မနက် ၇ နာရီလောက်မှာ နစ်မြုပ်သွားပါတယ်။ ကျွန်တော်လည်း လက်မှာ ပါလာတဲ့ လှော်တက်နဲ့ ကူးတာ မေ၂၉ ရက် ည ၉ နာရီကျော်ခန့်မှာ တောင်ကုတ်မြို့နယ်၊ အရှေ့ဘက် ကျေးရွာအုပ်စု၊ကံဆိပ်တောင်ကျေးရွာ ရေနက်ဆိပ်ကမ်း သို့ ရောက်ရှိ လာခဲ့ပါတယ်။ တစ်ရက်လုံး ကူးရတာပေါ့” အသက်ဘေးမှ လွတ်မြောက်လာသူ ဦးသိန်းစိုးက နိရဉ္စရာသို့ ပြောကြားသည်။

သူတို့ နှစ်ဦးသည် မေ ၂၈ ရက် မိုးလင်းဝါ ၃ နာရီ အချိန်တွင် ငါးဖမ်းရန် ထွက်ခွာလာခဲ့ကြောင်း၊ ရာသီဥတု မကောင်းသဖြင့် မျှားတန်းကို ဖြုတ်ပြီး ကမ်းသို့ ပြန်လာစဉ် လှေမှာ စက်ပျက်ကြောင်း၊ စက်ပျက်သဖြင့် ငါးဖမ်းလှေမှာ ပင်လယ်ထဲမျောပါနေစဉ် မေလ ၂၉ ရက်နေ့ နံနက်တွင် မုန်တိုင်းနှင့်တိုးကြောင်း၊ နောက်ပိုင်းတွင် လိုင်းလုံးကြီးများကို မခံနိုင်သဖြင့် စက်လှေမှာ နဂါးကျွန်းအနီးတွင် နစ်မြုပ်သွားခဲ့ကြောင်း၊ ကိုသိန်းစိုးနှင့် ဦးသန်းဇော်တို့မှာ စက်လှေပေါ်တွင် ပါလာသော လှော်တက်များ၊ ဖော့တုံးများဖြင့် ကမ်းဘက်သို့ ကူးခတ်ကြကြောင်း၊ ဦးသန်းဇော်မှာ ရေမကူးနိုင်ဘဲ ပင်လယ်ထဲ ကျန်နေခဲ့သည်ကို တွေ့ရကြောင်း၊ ကိုသိန်းစိုးမှာ နံနက် ၇ နာရီမှ ည ၉ နာရီ လှော်တက်ကို အသုံးပြုပြီး ရေကူးခဲ့ရကြောင်း ကိုသိန်းစိုးက ပြောကြားသည်။

“ နည်းနည်းပါးပါး ဒဏ်ရာရရုံကလွဲပြီး ကိုသိန်းစိုးမှာ ကျန်းမာရေးကောင်းမွန်ပါတယ်။ ကံဆိပ်တောင်ကျေးရွာမှ ကိုညွန့်ခင်၏နေအိမ်ကနေ သူ့ကို လက်ခံ စောင့်ရှောက် ပေးထားပါတယ်” ဟု သူ့အား ကူညီပေးနေသူ ကိုချစ်ကျော်က ပြောကြားသည်။

Narinjara
https://www.facebook.com/Narinjara
မုန်တိုင်းထဲ ငါးဖမ်းစက်လှေနစ်၍ ရေထဲမျောပါသူ နှစ်ဦးထဲမှ တစ်ဦး အသက်ရှင်၊ တစ်ဦးပျောက်ဆုံးနေ မုန်တိုင်းထဲ ငါးဖမ်းစက်လှေနစ်၍ ရေထဲမျောပါသူ နှစ်ဦးထဲမှ တစ်ဦး အသက်ရှင်၊ တစ်ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 20:50 Rating: 5
Powered by Blogger.