မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့နဲ့ စင်္ကာပူကိုပြေးဆွဲမယ့် အမြန်ရထားလမ်းစီမံကိန်းကို ရပ်ဆိုင်းတော့မယ်လို့ ဝန်ကြီးချုပ် မဟာသီယာက ဒီနေ့ပြောလိုက်ပါတယ်။
ကျနော်တို့အနေနဲ့ မလိုအပ်တဲ့ တချို့စီမံကိန်းတချို့ကို ရပ်ဆိုင်းရပါလိမ့်မယ်။ ဥပမာအနေနဲ့ဆိုရင် အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံကုန်မယ့် ကျည်ဆန်ရထားလမ်းစီမံကိန်းလိုမျိုးတွေပါ။ အခုတော့ ဒီစီမံကိန်းကိုရပ်မယ်၊ ဒီအကြောင်းကို စင်္ကာပူနဲ့လည်း သဘောတူပြီးပြီလို့ ဝန်ကြီးချုပ်မဟာသီယာက Financial Times သတင်းစာကိုပြောပါတယ်။
ဒီအတောအတွင်းမှာပဲ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ် ရင်ဆိုင်နေရတဲ့ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေ အလွဲသုံးစားမှုမှာ အဓိကစီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ ဉာဏ်ကြီးရှင်လို့ယူဆထားတဲ့ Jho Low ကို တရားစွဲရုံးတင်နိုင်အောင်ဆောင်ရွက်မယ်လို့ အစိုးရသစ်က ကတိပေးထားပါတယ်။
သူ့ကိုဒီလအစောပိုင်းက ထိုင်းနိုင်ငံ ဖူးခက်မှာ မလေးရှား ရွေးကောက်ပွဲစောင့်ကြည့်နေတာ တွေ့လိုက်တယ်လို့ The Wall Street ဂျာနယ်က ရေးသားလိုက်ပါတယ်။ ဒါပေမဲ့ အခုတော့ သူ့ကို ဘယ်နိုင်ငံရောက်နေလဲဆိုတာ တိတိကျကျမပြောနိုင်ကြပဲဖြစ်နေပါတယ်။
Jho Low ဟာ မလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ကိုယ်ကျိုးသုံးသွားတယ်လို့ စွပ်စွဲခံရပြီးနောက်ပိုင်း သူ့ကို ဟောလိဝုဒ်အကျော်အမော်တွေဖြစ်တဲ့ မင်းသား လီယိုနာဒို ဒီ ကာပယို၊ မင်းသမီး ပဲရစ် ဟေလ်တန်တို့နဲ့ တွဲသွားတွဲလာသတင်းတွေ၊ နယူးယောက်မြို့က နာမည်ကြီးညကပွဲရုံတွေမှာရောက်နေတာတွေ သတင်းထွက်ခဲ့ပါတယ်။
သူဟာ ဗြိတိန်နိုင်ငံက လူချမ်းသာတွေတက်တဲ့ Harrow ကျောင်းမှာတက်ခဲ့ပြီး၊ နာဂျစ်ရဲ့ မယားပါသားနဲ့ သူငယ်ချင်းဖြစ်ခဲ့ရာကနေ နာဂျစ်နဲ့ပါ ရင်းနှီးလာသူဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
မလိုပဲ အပိုကုန်မယ့် စီမံကိန်းတွေကို မဟာသီယာရပ်ဆိုင်း
Reviewed by THITHTOOLWIN
on
22:37
Rating: