ရုရှားသတင်းထောက် Arkady Babchenko နဲ့အတူ လုံခြုံရေးဌာနအကြီးအကဲ Vasyl Hrystsak တို့ ယူကရိန်းနိုင်ငံမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲ (မေလ ၃၀ ရက်၊ ၂၀၁၈) |
ရုရှား သတင်းထောက် Arkady Babchenko ဟာ ယူကရိန်းနိုင်ငံ Kyiv မြို့တော်က သူနေထိုင်ရာ အိမ်ခန်းလှေခါးခွင်မှာ သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ကြောင်း အင်္ဂါနေ့က ယူကရိန်းအာဏာပိုင်တို့က ကြေညာပြီးနောက် တရက် မေ ၃၀ ရက်နေ့ မှာ သူ့ကိုအသက်မသေပဲ ကောင်းကောင်းမွန်မွန်နဲ့ ပြန်တွေ့ကြရတဲ့အတွက် သတင်းထောက်တွေဟာ အံ့အားသင့်ခဲ့ကြရပါတယ်၊၊
Mr. Babchenko ကို ဗုဒ္ဓဟူးနေ့က ယူကရိန်း လုံခြုံရေးဌာနအကြီးအကဲ Vasyl Hrystsak နဲ့အတူ ရုပ်မြင်သံကြားမှာတွေ့ခဲ့ကြရပြီး သူလုပ်ကြံခံရကြောင်း သတင်းဟာ လွန်ခဲ့တဲ့ ၂ လကတည်းက ယူကရိန်းလုံခြုံရေးဌာနက ကြိုတင်ပြင်ဆင်ထားတဲ့ အထူးစစ်ဆင်ရေး ရဲ့ တစိတ်တဒေသ အကွက်ဆင်သတင်းသာဖြစ်ပြီး Babchenko ကို သတ်မယ့် အစီအစဉ်ကို ဖော်ထုတ်ဖို့ သူသေသွားပြီလို့ ဟန်ဆောင်သတင်းလွှင့်ခဲ့တာဖြစ်တယ်လို့ လုံခြုံရေးဌာနအကြီးအကဲ Vasyl Hrystsak ရှင်းလင်းပြောဆိုပါတယ်၊၊
အမည်မသိ ယူကရိန်းနိုင်ငံသားတဦးဟာ Kyiv မြို့မှာ လူတဦးကိုလုပ်ကြံမှုဖို့ အတွက် လက်နက်တွေဝယ်ယူဖို့မေးမြန်းနေတယ်ဆိုတဲ့ အမည်မဖော်လိုတဲ့ သတင်းရပ်ကွက်ကရတဲ့ သဲလွန်စကနေ ဒီလိုဇာတ်လမ်းဆင်ရတာ ဖြစ်တယ် လို့လည်းဆိုပါတယ်၊၊
လူတဦးကို လုပ်ကြံသတ်ဖြတ်ပေးဖို့ ရုရှားထောက်လှမ်းရေးက ယူကရိန်းအရှေ့ပိုင်း ခွဲထွက်ရေးသမားဟောင်း တဦးကို ဒေါ်လာ ၄၀၀၀၀ ကမ်းလှမ်း ခဲ့တယ်လို့လည်း လုံခြုံရေး ဌာန အကြီးအကဲ Hrysak ကပြောပါတယ်၊၊ တိုင်းတပါးမှာ အခုလိုဥပဒေမဲ့ သတ်ဖြတ်မှု ကြံစည်တဲ့ ရုရှားသူလျှိုကိုဖော်ထုတ်ဖမ်းဆီးလိုတဲ့အတွက် Mr. Babchenko ကို ယူကရိန်း လုံခြုံရေးဌာနက အထူးစစ်ဆင်ရေးမှာပူးပေါင်း ပါဝင်ဖို့ ခေါ်ယူစေခိုင်းခဲ့တာဖြစ်တယ်လို့ဆိုပါတယ်၊၊
Mr. Babchenko ကိုလုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်သူ အဖြစ် သံသယ ရှိထားသူက ယူကရိန်းနိုင်ငံသား ဖြစ်ပြီး အထူးစစ်ဆင်ရေး အတွင်း သူ့ကို ဖမ်းမိထားကြောင်း နဲ့ ဒီကိစ္စရပ်မှာ ရုရှားထောက်လှမ်းရေးပါဝင်ပတ်သက်နေကြောင်း ခိုင်လုံတဲ့ သက်သေတွေလည်း ရထားတယ်လို့ ယူကရိန်း လုံခြုံရေးဌာန အကြီးအကဲက ပြောဆိုသွားပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံရာမှာ Mr. Babchenko က သူ့မိသားစုကို လှည့်စားခဲ့မိတာစိတ်မကောင်းဖြစ်မိတယ်လို့ အခုလိုပြောပါတယ်၊၊
"အားလုံးကိုတောင်းပန်ပါတယ်၊၊ ကျွန်တော့မိတ်ဆွေသူငယ်ချင်းတွေရဲ့ ဈာပနတွေကို သွားဖူးတာမို့ ဘယ်လိုခံစားကြရမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်၊၊ ဒီလိုလုပ်ရတာ စိတ်မကောင်းပါဘူး၊၊ တခြားရွေးချယ်စရာမရှိလို့ပါ၊၊
"ကျွန်တော့အမျိုးသမီးကိုလည်း အထူးတောင်းပန်ပါတယ်၊၊ ဒီ၂ ရက်အတွင်းသူတကယ်ကိုနာကြင်ကြေကွဲခဲ့တာပါ၊၊"
ကနဦးပိုင်းသတင်းတွေမှာတော့ Mr. Babchenko ကို ယူကရိန်းနိုင်ငံ Kyiv မြို့တော်က သူနေထိုင်ရာ အိမ်ခန်းအ၀မှာ သွေးအိုင်ထဲလဲနေတာကို သူ့ဇနီးကတွေ့ခဲ့တာလို့ဖော်ပြခဲ့တာပါ၊၊ ဒီစစ်ဆင်ရေးမှာ Mr. Babchenko ရဲ့ဇနီးပါဝင်ပတ်သက်မှုရှိ ၊ မရှိကိုတော့ ရှင်းရှင်းလင်းလင်းမသိရပါဘူး၊၊
"ကျွန်တော်သိရသလောက်တော့ ဒီစစ်ဆင်ရေးက လွန်ခဲ့တဲ့ ၂ လကတည်းကစီစဉ်ခဲ့တာပါ၊၊ ဒီအထူးစစ်ဆင်ရေးကြောင့် ကျွန်တော်အသက်ချမ်းသာရတာပါ၊၊ အကြမ်းဖက်မှုတွေကိုတားဆီးနိုင်ခဲ့တဲ့ အတွက် ကျေးဇူးတင်ကြောင်းပြောလိုပါတယ်၊၊"
အင်္ဂါနေ့က သတင်းထောက် Mr. Babchenko သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံရတယ်ဆိုတဲ့သတင်းက အားလုံးကိုတုန်လှုပ်သွားစေခဲ့ပြီး ယူကရိန်းနဲ့ရုရှားအာဏာပိုင်တွေ တဦးအပေါ်တဦး အပြစ်တင်ခဲ့ကြပါတယ်၊၊ ယူကရိန်း ၀န်ကြီးချုပ် Volodymyr Groysman က ဒါဟာရုရှားရဲ့ စနစ်တကျအကွက်ချစီမံတာလို့ပြောခဲ့သလို ရုရှားပြောခွင့်ရ Dmitry Peskov ကငြင်းဆိုခဲ့ပြီး ယူကရိန်းဟာ သတင်းထောက်တွေအတွက် မလုံခြုံရာဒေသတခုဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်၊၊
Mr. Babchenko ကို အခုလို အသက်ရှင်လျက်ပြန်တွေ့ရလို့ ၀မ်းမြောက်မိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Maria Zakharova ကထုတ်ဖော်ပြောဆိုခဲ့ပါတယ်၊၊ ဒါပေမဲ့ ယူကရိန်းအစိုးရ က ဒီလိုမမှန်မကန်လုပ်ကြံသတင်းနဲ့ ၀ါဒဖြန့်တယ်လို့လည်း သူကပြောပါတယ်၊၊
အသက် ၄၁ နှစ်အရွယ် Mr. Babchenko ဟာအနောက်ကနေပစ်ခံရတဲ့ သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံကိုတင်ပို့ နေတုန်းမှာပဲ လူနာတင်ယာဉ်ပေါ်မှာသေဆုံးသွားတယ်လို့ အင်္ဂါနေ့ကKyiv မြိုရဲဌာနနဲ့ ယူကရိန်းပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့တာပါ၊၊ သူသေဆုံးသွားတယ်ဆိုတဲ့သတင်းက မိတ်ဆွေတွေကို တုန်လှုပ်သွားစေခဲ့သလို ကရိုင်းမီးယားကို သိမ်းယူခဲ့တာအပြင် အရှေ့ယူကရိန်းမှာ ခွဲထွက်ရေးစစ်သွေးကြွတွေကို အထောက်အပံ့ပေးခဲ့လို့ ဆက်ဆံရေးဆိုးရွားနေတဲ့ ရုရှားနဲ့ ယူကရိန်းအကြားတင်းမာမှုတွေ ပိုမိုမြင့်တက်စေခဲ့ပါတယ်၊၊
မြသဇင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ရုရှားသတင်းထောက်သေဆုံးကြောင်း လုပ်ကြံသတင်းနဲ့ ပတ်သက်လို့ရှင်းလင်း
Reviewed by THITHTOOLWIN
on
10:07
Rating: