တရုတ်ဘက်က ကန့်ကွက်မှုတွေ များလာပေမယ့်လည်း တောင်တရုတ် ပင်လယ်ပြင် အတွင်းက ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကျွန်းတွေအနီးမှာ အမေရကန် စစ်သဘောင်္တွေ ဆက်ပြီး ခုတ်မောင်း သွားလာမယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီးဌာနက ပြောဆိုပါတယ်။
လွတ်လပ်စွာ ရေကြောင်းသွားလာမှုဆိုင်ရာ ဥပဒေတွေ အရ သဘောင်္တွေ ခုတ်မောင်းနေတာဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis က ပြောပါတယ်။ ဒီလို ခုတ်မောင်းသွားလာမှု အပေါ်မှာလည်း တရုတ်တနိုင်ငံတည်းကသာ ဆန့်ကျင် ကန့်ကွက်နေတာကိုလည်း ကာကွယ်ရေး ၀န်ကြီး Mattis က ထောက်ပြ ပြောဆိုပါတယ်။
တောင်တရုတ် ပင်လယ်ပြင် အတွင်းက ကျွန်းတွေပေါ်မှာ တရုတ်ဘက်က စစ်ရေးတည်ဆောက်မှုတွေ လုပ်နေတာကို အမေရိကန်ဘက်က ထောက်ပြပြီး ဒီနှစ်ကုန်ပိုင်းမှာ လုပ်မယ့် RIMPAC - နိုင်ငံတကာ ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုကြီးမှာ ပါဝင်ဖို့ တရုတ်ကို ဖိတ်ကြားထားချက်ကို အမေရိကန် စစ်ဌာနချုပ်က ပြီးခဲ့တဲ့ သတင်းပတ်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။
ဒီသတင်းပတ် အတွင်း စကာင်္ပူမှာ ကျင်းပမယ့် အာရှဒေသက ကာကွယ်ရေးဆိုင်ရာ အကြီးအကဲတွေနဲ့ တခြားခေါင်းဆောင်တွေရဲ့ နှစ်ပတ်လည် တွေ့ဆုံမှု Shangri-La Dialogue ဆွေးနွေးပွဲကို အမေရိကန် ကာကွယ်ရေး ၀န်ကြီး Mattis တက်ရောက်တာမှာလည်း တောင်တရုတ် ပင်လယ်အရေးကို အဓိက ဦးစားပေးလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ တောင်တရုတ် ပင်လယ်ပြင် တခုလုံးနီးပါးကို ပိုင်ဆိုင်တယ်လို့ ပြောဆိုနေတဲ့ တရုတ်နိုင်ငံနဲ့ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှား၊ ဘရူးနိုင်း၊ ထိုင်ဝမ်တို့အပါအ၀င် တခြား နိုင်ငံတွေကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြတာ ဖြစ်ပါတယ်။
ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
တောင်တရုတ်ပင်လယ်ထဲ ကန်စစ်သင်္ဘောတွေ ဆက်လက်သွားလာမည်
Reviewed by THITHTOOLWIN
on
21:13
Rating: