မာန်အောင်တွင် လင်မယားနှစ်ဦး ဓာတ်လိုက် သေဆုံး


နိရဉ္စရာ၊ မေ ၃၀

မေလ၂၉ နေ့ ညနေပိုင်းက မာန်အောင်မြို့နယ်၊ အိုးဝ အုပ်စု၊ ကံလက်ကျေးရွာတွင် ဇနီးမောင်နှံနှစ်ဦးသည် လျှပ်စစ် ဓာတ်လိုက်ကာ သေဆုံးသွားကြောင်း သတင်းရရှိသည်။

လေပြင်းတိုက်ခိုက်သောကြောင့် အိမ်ပေါ်ကို ဝါးပင်များ လာရိုက်ခတ်သဖြင့် နေအိမ်မှဆင်းပြီး ၀ါးပင်ကို ခုတ်လှဲရာမှ ရွာမှ ပေးထားသော မီးစက်က လျှပ်စစ်ဝါးသို့ကူးကာ ဓာတ်လိုက် သေဆုံး သွားခြင်း ဖြစ်ကြောင်း သစ်ပုံရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောသည်။

" မနေ့က လေပြင်းတိုက်တော့ အိမ်ခေါင်မိုးပေါ်ကို ဝါးပင်တွေ လာရိုက်တယ်။ ညနေ ၇ နာရီခန့်မှာ ဦးစိန်ချမ်းအောင် က ၀ါးတွေကို သွားခုတ်တယ်။ ကျေးရွာကနေ ပေးထားတဲ့ လျှပ်စစ် မီးကြိုးက ပြတ်နေတော့ ၀ါးကနေ သူ့ကို ဓာတ်လိုက်တယ်။ ဇနီဖြစ်သူ ဒေါ်မဟန်ရွှေက လင်ဖြစ်သူရဲ့ လက်မောင်းကို သွားဆွဲတော့ နှစ်ဦးစလုံးကို ဓာတ်လိုက် သေဆုံးသွားပါတယ်" ဟု သစ်ပုံ ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိက ပြောကြားသည်။

သေဆုံး ဇနီးမောင်နှံ နှစ်ဦးမှာ မာန်အောင်မြို့နယ် အိုးဝအုပ်စု၊ ကံလက်ကျေးရွာတွင် နေထိုင်ကြသည့် ဦးစိန်ချမ်းအောင် (၆၃)နှစ်နှင့် ဒေါ်မဟန်ရွှေ (၅၃)နှစ် တို့ဖြစ်ကြသည်။ သူတို့တွင် အသက် (၂၀) အရွယ်သားတစ်ဦး ကျန်နေခဲ့သည်ဟု သိရသည်။

၎င်းသေဆုံးသူနှစ်ဦးကို မာန်အောင်မြို့နယ် ပြည်သူဆေးရုံသို့ ဆေးစစ်ရန် ပို့ဆောင်ထားသည်ဟု သိရသည်။

မာန်အောင်မြို့နယ် မျှော်တော်ဦး ကျေးရွာမှ ဦးပြည့်ထွန်း (၇၈) နှစ်သည်လည်း လေပြင်းတိုက်၍ အုန်းပင်ပိကျရာမှ ဒဏ်ရာရရှိသွားပြီး မေ ၂၉ ရက်နေ့က သေဆုံးသွားခဲ့သည်။

အောင်လင်းထွန်း(မာန်အောင်)
Narinjara
https://www.facebook.com/Narinjara
မာန်အောင်တွင် လင်မယားနှစ်ဦး ဓာတ်လိုက် သေဆုံး မာန်အောင်တွင် လင်မယားနှစ်ဦး ဓာတ်လိုက် သေဆုံး Reviewed by THITHTOOLWIN on 11:12 Rating: 5
Powered by Blogger.