မီးဖွားစအမျိုးသမီးအပါအဝင် ကချင်ဒုက္ခသည်တွေ တောထဲပိတ်မိ

ဘုရားကျောင်းကို ရောက်လာချိန် ကျန်းမာရေး ဆိုးနေလို့ ဆေးရုံပို့ ခဲ့ရတဲ့ စစ်ရှောင် မီးနေသည်
ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်တွေကြား တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့ ဒုက္ခသည်တွေ၊ တောထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ တိုးလာ နေသလို တိုက်ပွဲတွေက ဆက်ဖြစ်လျက် ရှိတယ်လို့ ထွက်ပြေးသူတွေနဲ့ ကူညီ ကယ်ဆယ်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ကတော့ နမ္မတီးမြို့ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကလေး မွေးဖွားပြီး နောက်တစ်ရက် ဧပြီလ ၁၈ မှာ ချက်ကြိုး မပြတ်သေးတဲ့ ကလေးငယ်ကို ရင်ခွင်ပိုက်ပြီး ပြေးခဲ့ရ သူလည်း ရှိပါတယ်။

ကဆုန့်ရွာမှာ နေထိုင်တဲ့ အသက် ၂၃ နှစ် အရွယ် မနန်းမိုင်က တိုက်ပွဲတွေ ကြောင့် သူ့ရွာကနေ ၁၀ မိုင်လောက် ဝေးတဲ့ နမ္မတီး လမ်းဆုံက ရိုမင်ကက်သလစ် ဘုရားကျောင်းကို ရောက်အောင် တောထဲမှာ သုံးရက်ကြာ ထွက်ပြေး ခဲ့ရာမှာ လမ်းမှာ စားစရာ ပြတ်လပ် ၊ သတိ မေ့မတတ် အားအင်ကုန်ခမ်း နေချိန်မှာ ကယ်ဆယ်သူတွေက တွေ့ပြီး ဘုရားကျောင်းကို ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့နေထိုင်ရာ ဒေသတွေမှာ တပ်တွေ တိုးလာပြီး သေနတ်သံတွေ ၊ ဗုံးကွဲသံတွေ ကြားလာရတဲ့ အတွက် အခုလို ထွက်ပြေးလာကြတာ ဖြစ်ပြီး ၊ တိုက်ပွဲ ဖြစ်ချိန်မှာ သူတို့ဟာ ဘုရားရှိခိုးကျောင်း ထဲမှာ ရှိနေရာမှာ သေနတ်သံတွေ မိုင်းပေါက်ကွဲသံတွေ ကြားတော့ ထွက်ပြေးလာတာလို့ မနန်းမိုင် က ပြောပါတယ်။

သူတို့ရွာရဲ့ တခြား အပိုင်းတွေက အိမ်တွေမှာ မိုင်းထိသူတွေ တွေ့တဲ့ အတွက် ဒါကို လန့်ပြီး ထွက်ပြေးလာရာမှာ မွေးကာစ တရက်သားလေးကို လွယ်လျက် လမ်းပျောက်တာ ၃ရက်လောက် ကြာခဲ့သလို လဲလှယ်ဝတ်စရာ အ၀တ်အစားလဲ မပါသလို ၊ ကလေး အနှီးကလည်း လဲစရာမရှိ ဖြစ်နေချိန်မှာ ဆိုင်ကယ် လူကြုံက နမ္မတီး အထိ ခေါ်လာပေးခဲ့တာလို့ သူက ဆိုပါတယ်။

မွေးကာစ ကလေးရဲ့ ချက်ကြိုးကလဲ မဖြတ်ရသေးဘဲ ခေါ်ခဲ့ရတာကြောင့် အနာရင်းပြီး ကလေးက တညလုံး ငိုလျက် ရှိကြောင်း ၊ အခုအခါ ကလေးက နေကောင်းသွားပြီ ဖြစ်ပေမယ့် ခန္ဓာကိုယ်က ပိန်လှီလျက် ရှိလို့ စိုးရိမ်ရကြောင်း ၊ ကလေးက ယောကျားလေး ဖြစ်ပြီး မောင်စုရိန်အောင် လို့ နာမယ်ပေးထားကြောင်း မနန်းမိုင်က စကားပြန်က တဆင့် ပြောပြခဲ့ပါတယ်။

သူတို့ စခန်းရှိရာ နမ္မတီး လမ်းဆုံ က ကတ်သလစ် ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ စစ်ရှောင် ဒုက္ခသည် သုံးရာကျော်လောက် ရှိပြီး သူတို့ ရွာတွေမှာ ဒီနေ့ ဧပြီလ ၂၇ ရက်နေ့ကလည်း နေ့လယ် ၁၁ နာရီကနေ ၁၂ နာရီ အထိ တိုက်ပွဲတွေ ဖြစ်နေတုန်းဘဲလို့ အဲဒီ စခန်း က မအက်စသာက ပြောပါတယ်။

မနေ့က သောကြာနေ့ကတော့ မြစ်ကြီးနား မြစ်ဆုံ ဒေသက အန်ဂျားယန် ဝန်းကျင်မှာ တိုက်ပွဲဖြစ်လို့ မြို့သူမြို့သားတွေ အားလုံး နီးပါး ထွက်ပြေးကြရပြီး တန်ဖဲရွာမှာ ခိုလှုံနေကြတာ ၁၁၀၁ ယောက် ရှိတယ်လို့ သူတို့ကို သွားရောက်ကူညီတဲ့ ဝင်းလက် ဖောင်ဒေးရှင်း အဖွဲ့က ပြောပါတယ်။

အဲဒီလို ထွက်ပြေးကြရသူတွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေနဲ့ အမျိုးသမီး တွေလည်း ပါဝင်ပြီး အသက် ၁၀၀ ကျော် အဖွားအို တယောက် ဆိုရင် ကိုယ်တိုင် မပြေးနိုင်လို့ မြေးဖြစ်သူက ထမ်းလာခဲ့ရတယ်လို့ လည်း အဲဒီ အဖွဲ့ က ပြောပါတယ်။

တန်ဖဲက အဲဒီ ဒုက္ခသည်တွေ အပါအဝင် ကာမိုင်း၊ မန်ဝိုင်းနဲ့ တနိုင်းဒေသတို့က တိုက်ပွဲတွေ ကြားမှာ ပိတ်မိ နေကြသူတွေ လွတ်မြောက်ရေး ဆောင်ရွက်ပေးဖို့နဲ့ လူသားချင်း စာနာမှု အကူအညီတွေ ပေးဖို့ လူမှု အဖွဲ့အစည်း ၂၅၀ ကျော်က လက်မှတ်ရေးထိုးပြီး နိုင်ငံတော် သမ္မတ ဆီကို ၂၇ ရက်နေ့ ရက်စွဲနဲ့ စာရေးသား ပေးပို့လိုက်တယ်လို့ လက်မှတ်ရေးထိုးတဲ့ အဖွဲ့တွေက ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese
မီးဖွားစအမျိုးသမီးအပါအဝင် ကချင်ဒုက္ခသည်တွေ တောထဲပိတ်မိ မီးဖွားစအမျိုးသမီးအပါအဝင် ကချင်ဒုက္ခသည်တွေ တောထဲပိတ်မိ Reviewed by THITHTOOLWIN on 06:35 Rating: 5
Powered by Blogger.