ပဲခူးတိုင်းဒေသကြီး၊ ညောင်ပင်သာမြို့နယ်တွင် ဧပြီ(၃)ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရ၍ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ သိရှိရသည်။
အမျိုးသမီးဖြစ်သူမှာ ဆိုင်ကယ်စီးနေစဉ် မိုးကြိုးပစ်ခံရပြီး အမျိုးသားမှာ အုတ်ဖုတ်လုပ်ငန်းလုပ်ကိုင်နေစဉ် အပစ်ခံခဲ့ရကြောင်း သိရသည်။
"အမျိုးသမီးနဲ့ အမျိုးသားက တစ်နေရာစီပါ မိုးကြိုး ပစ်ခံရတာတစ်ဦးနဲ့ တစ်ဦး တစ်နာရီခွဲကွာတယ်။ နှစ်ဦးစလုံး သေဆုံးသွားတာပါ။ အခြားပျက်စီး ဆုံးရှုံးတာမရှိပါဘူး။ လက်ရှိမှာ သေမူသေခင်း အမှတ်စဉ်ဖွင့်ပြီး ဆောင်ရွက် နေပါတယ်။"ဟု ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့စခန်းမှ စခန်းမှူး ရဲအုပ် တင်စိုးက ပြောသည်။
ညောင်ပင်သာနယ်မြေ ရဲတပ်ဖွဲ့ စခန်းအရှေ့ ၃ ဖာလုံခန့်အကွာ ရွာမ ၆ လမ်းအနီးတွင် အုတ်ဖုတ်လုပ်သား ဦးအောင်ဌေး (၄၂)နှစ် အုတ်ဖုတ်လုပ်သည့် အုတ်ကွင်းတွင် ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က မိုးကြိုးပစ်ခံရကာ နားနှစ်ဖက်သွေးထွက်ဒဏ်ရာ ရင်ဘက်တွင် အရေခွံများ စုတ်ပြဲဒဏ်ရာတို့ရရှိ သေဆုံးခဲ့သဖြင့် သေမူသေခင်း အမှတ်စဉ် ၂/ ၂၀၁၈ ဖြင့် အမူဖွင့်ထားကြောင်း သိရသည်။
အမျိုးသမီးဖြစ်သူ မခိုင်ဇာဝင်း (၃၈)သည် ညောင်ပင်သာနယ်မြေရဲတပ်ဖွဲ့စခန်း အရှေ့ဘက် တစ်မိုင်ခွဲခန့် အကွာ ညောင်ပင်သာမှ ဂုံမင်းကွင်းရွာဘက်သို့ ဆိုင်ကယ်မောင်းနှင်ပြန်စဉ် မိုးကြိုးပစ်ခံရသဖြင့် ကျောကုန်း တွင် ၆ လက်မကျော်ခန့် အရေပြားလန် ဒဏ်ရာရရှိပြီး သေဆုံးခဲ့သဖြင့် သေမူသေခင်း အမှတ်စဉ် ၃/၂၀၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
၎င်းတို့၏ ရုပ်အလောင်းများကို ညောင်ပင်သာတိုက်နယ်ဆေးရုံတွင် ဆေးပညာရပ်အရ ရင်ခွဲစစ်ဆေးခြင်းများ ပြုလုပ်ကာ သက်ဆိုင်ရာ မိသာစုဝင်များမှ ပြန်လည်သယ်ယူသွားပြီဖြစ်ကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ညောင်ပင်သာမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံး
Reviewed by THITHTOOLWIN
on
14:06
Rating: