ပန်းတောင်းတွင် ရေနံစမ်းသပ်ရှာဖွေရာ၌ မိုင်းခွဲခြင်းများကြောင့် သောက်သုံးရေးအတွက် အသုံးပြုနေသော ရေလှောင်ကန်အချို့ ပျက်စီး


ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့နယ်အတွင်း ရေနံစမ်းသပ်ရှာဖွေခြင်းလုပ်ငန်းများတွင် မိုင်းခွဲ ခြင်းများကြောင့် ဒေသခံများ၏ သောက်သုံးရေအတွက်အသုံးပြုနေသော မြေသားရေလှောင်ကန် အချို့ ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ရေနံရှိ၊ မရှိ စမ်းသပ်တိုင်းတာနိုင်ရန် မတ်လနောက်ဆုံးပတ်က မိုင်းကျင်းများတူးကာ မိုင်းခွဲခြင်းများကြောင့် ရေကန်ပေါင်များ ပျက်စီးခြင်း၊ လယ်မြေကွက်များအတွင်း ချိုင့်ခွက်နှင့် ကျင်းများဖြစ်ပေါ်သွားခြင်း၊ ပေါက်ကွဲသည့် အသံနှင့် တုန်ခါမှုကြောင့် ငါးကန်မှ ငါးများ သေဆုံးခြင်းတို့ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ကျွန်တော့်ကန်ကို တမံတုပ်ထားတယ်။ အများလည်းသောက်သုံးတဲ့ ကန်လည်းဖြစ်ပါတယ်။ ကျွဲ၊ နွားတွေ လည်း သောက်ရတယ်။ သူတို့လာပြီး လုပ်တုန်းကလည်း ရေပေးပါဆိုလို့ပေးခဲ့ရတယ်။ ရွာကရေလည်း လှည်းနဲ့ တိုက်ပို့ခဲ့ရတယ်။ သို့သော် ကန်ပေါင်ကို မပြောဘဲ ဖောက်ခွဲသွားတယ်။ ပြန်မဖို့ပါနဲ့ဆိုလည်း တိတ်တိတ်လေးဖို့ တယ်။ အခု မိုးဦးလေဦးကျတော့ ကန်တွေပြင်ဆင်ရတော့မယ်။ ကျွန်တော်တို့မှာ နစ်နာပါတယ်။”ဟု မိုင်းဖောက် ခြင်းကြောင့် ပျက်စီးသွားသည့် ရေကန်ပိုင်ရှင် ဦးသောင်းဟန်က ပြောသည်။

ထိုသို့ မိုင်းဖောက်ခွဲမှုကြောင့် ပန်းတောင်းမြို့နယ်တွင်းရှိ စွယ်တော်၊ ကျောက်စရစ်ကုန်း၊ ညောင်ပင်ကုန်းကျေး ရွာများမှ ဒေသခံ(၁၆) ဦး၏ လယ်ယာမြေနှင့် ရေကန်ပေါင်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့ပြီး (၆)ဦးသာ လျော်ကြေးငွေ ရရှိသေးကာ အခြားသူများကို လျော်ကြေးငွေပေးခြင်း၊ တစ်စုံတစ်ရာပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ပေးခြင်း များမရှိသေးကြောင်း ဒေသခံတို့က ဆိုသည်။ ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ ကန်များအားတူးဖော်ခြင်း၊ ပြင်ဆင်ခြင်းများကို ယန္တရားများဖြင့် ပြန်လည်ပြု လုပ်ပေးမည်ဖြစ်ကြောင်းနှင့် ဒေသခံများနှင့်ညှိနှိုင်းကာ အဆင်ပြေအောင် ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောဆို ထားသော်လည်း ဒေသခံများဖက်က ပြန်လည်အကြောင်းပြန်ခြင်း မရှိသေးကြောင်း ရေနံရှာဖွေရေးလုပ်ငန်းခွင်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါရေနံစမ်းသပ်ဖွေရေးလုပ်ငန်းအား မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် Bashneft International B.V (ရုရှားကုမ္ပဏီ)နှင့် ဖက်စပ်လုပ်ကိုင်ခြင်းဖြစ်ပြီး ဆိုက်စမစ်တိုင်းတာခြင်းလုပ်ငန်းများအတွက် တိုင်ငုတ်များရိုက်ခြင်း၊ တွင်းတူးခြင်း၊ ယမ်းထည့်ခြင်း၊ ကေဘယ်လ်ကြိုးများတပ်ဆင်ခြင်း၊ ယမ်းဖောက်ကာ အသံလှိုင်းဖမ်းယူခြင်း လုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပန်းတောင်းတွင် ရေနံစမ်းသပ်ရှာဖွေရာ၌ မိုင်းခွဲခြင်းများကြောင့် သောက်သုံးရေးအတွက် အသုံးပြုနေသော ရေလှောင်ကန်အချို့ ပျက်စီး ပန်းတောင်းတွင် ရေနံစမ်းသပ်ရှာဖွေရာ၌ မိုင်းခွဲခြင်းများကြောင့် သောက်သုံးရေးအတွက် အသုံးပြုနေသော ရေလှောင်ကန်အချို့ ပျက်စီး Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.