ဂါဇာဒေသတလျှောက်ပဋိပက္ခ ရက်ဆက် ဖြစ်ပွားမှုကြောင့် ပါလက်စတိုင်း ၁၇ ဦး သေဆုံး

ဂါဇာဒေသနယ်စပ်တလျှောက် အဓိကရုဏ်း ဖြစ်ပွားနေစဉ် (ဓာတ်ပုံ- ဆင်ဟွာ )
ရာမာလာ ၊ ဧပြီ  ၄ ရက်(ဆင်ဟွာ)

    ဧပြီလ ၃ ရက်နေ့တွင် ဖြစ်ပွားသော ပဋိပက္ခ၌  အစ္စရေးစစ်သားများ၏သေနတ်ဒဏ်ရာကြောင့် ပါလက်စတိုင်း လူငယ်တစ်ဦး သေဆုံးခဲ့သည်ဟု ပါလက်စတိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ထိုနေ့တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ မတ်လ ၃၀ ရက်နေ့မှ ယခုအချိန်အထိ ဂါဇာဒေသတွင် ဖြစ်ပွားသော ပဋိပက္ခအဓိကရုဏ်း များ၌ သေဆုံးသူ ပါလက်စတိုင်း ၁၇ ဦး ရှိပြီ ဖြစ်ကြောင်းသိရသည်။

ဧပြီလ ၃ ရက်နေ့ ဂါဇာအရှေ့ပိုင်းနယ်စပ်ဒေသတွင် ဖြစ်ပွားသော အဓိကရုဏ်း၌ အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ အသက် ၂၅ နှစ်အရွယ် ပါလက်စတိုင်းလူငယ်တစ်ဦး ရင်ဘတ်တွင် သေနတ်မှန် ဒဏ်ရာရရှိခဲ့ရာ နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ကုသခဲ့သော်လည်း ဒဏ်ရာပြင်းထန်သောကြောင့် သေဆုံးခဲ့ သည်ဟု  ပါလက်စတိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ဂါဇာဒေသ ပြောရေးဆိုခွင့်ရှိသူ အာရှာလ်ခါဒါက ၄င်း၏ကြေညာချက်တွင် ထုတ်ဖော်ပြောဆိုထားသည်။

ဧပြီ ၂ ရက်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ အာရှာလ်ခါဒါက မတ်လ ၃၀ ရက်နေ့ အဓိကရုဏ်းတွင် ပါလက်စတိုင်းတစ်ဦးသေဆုံးရာမှာ ယခုလိုသေဆုံးသူဦးရေ ၁၆ ယောက် အထိ မြင့်တက်လာရခြင်းဖြစ်ကြောင်း၊ ပဋိပက္ခအဓိကရုဏ်းများ ရက်ဆက်ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ ၁၅၀၀ ကျော် ရှိပြီး ၈၁၅ ဦးမှာ အစ္စရေးစစ်သားများ က သေနတ်ဖြင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၄င်းတို့အနက် ၄၆ ယောက်မှာ ဒဏ်ရာပြင်းထန်ကြောင်း ဆိုပါသည်။

မတ်လ ၃၀ ရက်နေ့သည် ပါလက်စတိုင်း၏ ၄၂ ကြိမ်မြောက်“Land day”ဖြစ်ရာ ပါလက်စတိုင်း ၂ သောင်း ကျော် ဂါဇာနယ်စပ်ဒေသတလျှောက် ပိုင်နက်နယ်မြေပြန်လည်ရရှိရေး ဆန္ဒပြလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့သည်။ ဆန္ဒပြသူအချို့ အစ္စရေးစစ်တပ်တားဆီးထားသော နယ်စပ်ခြားခြံစည်းရိုးအနီးတွင် ကားဘီးများကို မီးရှို့ပြီး အစ္စရေးဘက်သို့ ကျောက်ခဲများ၊လောင်စာဆီပုလင်းများဖြင့် ပစ်ခဲ့သောကြောင့် အစ္စရေးစစ်တပ်က ဆန္ဒပြသူ များကို သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာမှ ယခုလို သေဆုံးမှုများ ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ၊ ၄င်း ဆန္ဒပြပွဲမှာ ရက်သတ္တပတ်အနည်းငယ် ကြာမြင့်မည်ဖြစ်ပြီး ပါလက်စတိုင်း မေလ  ၁၅ ရက်နေ့  နှစ် ၇၀ ပြည့် “Nakba Day”တွင် ပိုမိုဆိုးဝါးလာနိုင်ကြောင်း သိရသည်။

ဂါဇာနယ်စပ်ဒေသတလျှောက်တွင် ဆူပူလှုပ်ရှားမှုများဆက်လက်ဖြစ်ပွားနေပါက ပိုမိုအင်အားသုံးနှိမ်နှင်းသွား မည်ဖြစ်ပြီး စစ်ရေးလှုပ်ရှားမှုအသွင်ကူးပြောင်းသွားနိုင်သည်ဟု အစ္စရေးစစ်တပ်က သတိပေးပြောကြားထား သည်။

(Xinhua)
http://xinhuamyanmar.com
ဂါဇာဒေသတလျှောက်ပဋိပက္ခ ရက်ဆက် ဖြစ်ပွားမှုကြောင့် ပါလက်စတိုင်း ၁၇ ဦး သေဆုံး ဂါဇာဒေသတလျှောက်ပဋိပက္ခ ရက်ဆက် ဖြစ်ပွားမှုကြောင့် ပါလက်စတိုင်း ၁၇ ဦး သေဆုံး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.