မြိတ် ဧပြီ ၎
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ငွေအတုဟုယူဆရသော ငွေကျပ် တစ်သောင်းတန် အတုပြုလုပ်သူအား ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၃ ရက်နေ့က မြိတ်မြို့၊ တညက်ကျေးရွာအုပ်စု၊ ပလုံးကျေးရွာတွင် လူငယ် ၂ ဦးရောက်ရှိလာပြီး ကုန်စုံဆိုင်များတွင် စီးကရက်ဗူးနှင့် ငွေဖြည့်ကဒ်များ လိုက်လံဝယ်ယူရာတွင် ပေးသွားသည့် တစ်သောင်းတန်ငွေစက္ကူ များမှာ အတုဖြစ်နိုင်ကြောင်း သတင်းပေးချက် အရ တောင်ရှည်နယ်မြေ ခတ္တစခန်းမှူးနှင့်အဖွဲ့မှ သွားရောက်စုံစမ်းခဲ့ပါသည်။
ကြေးနန်းတိုင်ကျေးရွာထိပ်တွင် သက်ပိုင်ဦး(၁၉)နှစ်၊ ရကန်အော်ကျေးရွာ၊ ကျွန်းစုမြို့နယ်နေသူအားတွေ့ရှိသဖြင့် ရှာဖွေစစ်ဆေးရာ ၄င်းထံမှ တစ်သောင်းတန်မြန်မာ ငွေစက္ကူ အတုများတွေ့ရှိခြင်းမရှိပဲ ၄င်းနှင့်အတူပါလာသော ကိုဝတုတ်(၂၆)နှစ်၊ သာကေတရပ်၊ ကန်ကြီးရပ်ကွက်၊ မြိတ်မြို့နေသူမှာ ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားကြောင်း သိရသည်။
၎င်းတို့နှစ်ဦးမှ ပလုံးကျေးရွာ ကုန်စုံဆိုင်များတွင် လိုက်လံဝယ် ယူထားသော ငွေအတုဟုယူဆရသော မြန်မာငွေစက္ကူ တစ်သောင်း ကျပ်တန် ၅ ရွက်(၅၀၀၀၀)အား သက်သေများရှေ့တွင် သိမ်းဆည်းပြီး ငွေအတုဟုယူဆရသော မြန်မာငွေစက္ကူ များကို လက်ဝယ်ထားရှိ သယ်ဆောင်သုံးစွဲသူ သက်ပိုင်ဦးနှင့် ကိုဝတုတ် (ထွက်ပြေးတိမ်းရှောင်နေသူ) တို့အား တောင်ရှည်နယ်မြေရဲစခန်းမှ (ပ)၃/၂၀၁၈၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ဆက်လက်၍ အမှုမှ ထွက်ပြေးတိမ်းရှောင်နေသည့် ကွင်းဆက် တရားခံ ကိုဝတုတ်၊ ကန်ကြီးနယ်မြေ၊ သာကေတရပ်ကွက် နေအိမ်သို့ မြိတ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမင်း နှင့်အဖွဲ့မှ သွားရောက်ရှာဖွေရာ ကိုဝတုတ်အား ၄င်း၏ နေအိမ်တွင် တွေ့ရှိရပြီး တစ်သောင်းကျပ်တန် မြန်မာငွေကျပ် အတုများပြုလုပ်ရာတွင် အသုံးပြုခဲ့သည့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရခဲ့ကြောင်း သိရသည်။
Kyaw Oo
မြိတ်မြို့တွင် ငွေကျပ် တစ်သောင်းတန် အတုပြုလုပ်သူအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
14:22
Rating: