မြစ်ကြီးနားမြို့နယ် ခေါင်ဖူးရွာသစ်နဲ့ တာလောကြီး-ရွှေညောင်ပင်လမ်းပေါ်မှာ စိုက်ပျိုးထားတဲ့ တစ်ရှူး ငှက်ပျောစိုက်ခင်းကို တွေ့ရစဉ်။ Photo: Kyaw Myo Min/RFA |
တရားမဝင်စိုက်ပျိုးနေတဲ့ တစ်သျှူးငှက်ပျောကိစ္စကို လေးလေးနက် ဆောင်ရွက်ဖို့လိုနေကြောင်း တနိုင်းမြို့နယ် အမှတ် ၁ မဲဆန္ဒနယ်ရဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဂျွန်ငန်ဆိုင်းက ဆွေးနွေးခဲ့ပါတယ်။
"အခု ကျနော်တို့က လွှတ်တော်မှာ ဘယ်လောက်ပဲပြောပြော၊ ပြည်သူတွေက ဘယ်လောက်ပဲပြောပြော တရားမဝင်စိုက်နေတဲ့လူကိုလည်း တားတဲ့လူလည်းမရှိဘူး။ ဥပဒေနဲ့ မညီတဲ့လူတွေကို စိစစ်တဲ့ လူလည်းမရှိဘူး။ အဲဒီလိုဖြစ်နေတဲ့အတွက်ကြောင့်မို့ အလဟဿဖြစ်မယ့်အစား အထူးကုန်စည်ခွန်၊ သီးနှံခွန် အနေနဲ့ မစိုက်ရင် လည်း မစိုက်နဲ့တော့။ ဒီအခွန်များတယ်ဆိုပြီးမှ ကြောက်ရင ဆိုတဲ့အဓိပ္ပါယ်နဲ့။ ဖြစ်သင့်တာကတော့ ၁ သောင်း၊ ၂ သောင်း ဆိုတာထက်တောင်မှ ပိုပြီးတော့မှ ကောက်သင့်တယ်။ ဘာဖြစ်လို့လဲ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ လေထု၊ မြေထု၊ ရေထု အားလုံဟာ နိုင်ငံတော်က ပိုင်တဲ့နေရာမှာ အခုက မဆိုင်တဲ့လူက ၁ ဧကကို ဘယ်လောက်ဆိုပြီးမှ ငှားစားနေတယ်။ နိုင်ငံတော်က အခွန် မရဘူး"
ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ မြေယာခွန် ဥပဒေကြမ်းကို ဆွေးနွေးတာဖြစ်ပြီး ပါဝင်ဆွေးနွေးတဲ့ ကိုယ်စားလှယ် တွေက တစ်သျှူးငှက်ပျောကိစ္စကို ထောက်ပြဆွေးနွေးသူများတာကြောင့် ဥပဒေကြမ်းအပေါ် ဆွေးနွေးမှုကို ရပ်နားပြီး မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးကြဖို့ ရွှေ့ဆိုင်းလိုက်ရပါတယ်။
အတည်ပြုရမယ့် မြေယာခွန်ဥပဒေကြမ်းထဲမှာ ပါရှိတဲ့ အထူးသီးနှံခွန် ၆ မျိုးထဲက တစ်သျှူးငှက်ပျောစိုက်ပျိုးမှု အပေါ် အစိုးရက အခွန်ငွေ ထောင်ဂဏန်းသာ ကောက်ခံမယ့်ကိစ္စကို လွှတ်တော်ကိုယ်စားလှယ်တချို့က သောင်းဂဏန်း အထိ ကောက်ခံသင့်ကြောင်း ဆွေးနွေးကြပါတယ်။
တချို့ကိုယ်စားလှယ်တွေက အခွန်ကောက်ခံလိုက်ရင် တရားမဝင် စိုက်ပျိုးတာကို တရားဝင်ကြောင်း အတည်ပြုရာ ရောက်တဲ့အတွက် လုံးဝ ခွင့်မပြုသင့်ကြောင်း ဆွေးနွေးသလို၊ ဥပဒေနဲ့ အညီ စိုက်ပျိုးခွင့်ပြုသင့်ပြီး အခွန်ကို ထိရောက်စွာ ကောက်ခံသင့်ကြောင်း ဆွေးနွေးသူလည်းရှိပါတယ်။
ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ မြေတွေကို နည်းမျိုးစုံနဲ့ ရယူပြီး တစ်သျှူးငှက်ပျောကို နယ်ချဲ့ စိုက်ပျိုးလာတာ ဟာ လယ်ယာမြေ နဲ့ လူမှုစီးပွား ပြဿနာမျိုးစုံကို ဖြစ်နေစေကြောင်း စသဖြင့် လွှတ်တော်ကိုယ်စားလှယ် ၆ ဦး က လက်တန်းဆွေးနွေးခဲ့တာဖြစ်ပါတယ်။
တရုတ်တစ်သျှူးငှက်ပျောတွေကို နည်းမျိုးစုံနဲ့ တဖြည်းဖြည်း နယ်ချဲ့စိုက်ပျိုးလာတာကြောင့် အဲဒီလို စိုက်ပျိုးမှုကို ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားတွေဦးဆောင်ပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက် က မြစ်ကြီးနားမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ပြည်နယ်အစိုးရရဲ့ စာရင်းတွေအရ တစ်သျှူးငှက်ပျောစိုက်ဧက သောင်းဂဏန်းရှိကြောင်း သိရပေမယ့် ဒေသခံတောင်သူတွေကတော့ တစ်သျှူးငှက်ပျောစိုက်ဧက သိန်းဂဏန်းအထိရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။
RFA Burmese
https://www.rfa.org/burmese
တရုတ် တစ်သျှူးငှက်ပျောကို ဥပဒေမဲ့ စိုက်ပျိုးနေကြောင်း ကိုယ်စားလှယ်တွေ ဆွေးနွေး
Reviewed by THITHTOOLWIN
on
19:58
Rating: