ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဟိုတယ်တွင် စစ်ပွဲအလိုမရှိ ပြဇာတ်ကပြခဲ့ခြင်းကြောင့် နိုင်ငံတော်အကြည်ညို ပျက်စေမှုပုဒ်မတို့ဖြင့် တရားစွဲဆိုခံထားရသည့် ကျောင်းသား(၈)ဦးကို ပုသိမ်မြို့နယ်တရားရုံးမှ ဧပြီလ ၄ ရက်ရုံး ချိန်းတွင် ဒဏ်ငွေများအသီးသီးချမှတ်လိုက်ကြောင်း သိရှိရသည်။
ယင်းပြဇာတ်ပါပြကွက်အချို့သည် တပ်မတော်မိသားစုဝင်များ ဂုဏ်သိက္ခာငြိုးနွမ်းစေသည်ဟုဆိုကာ အနောက် တောင်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး အောင်မျိုးနိုင်က ကျောင်းသား (၉)ဦးကို တရားစွဲဆိုခဲ့ရာ ရုံးချိန်း တွင် မျိုးကိုကိုဆိုသည့် ကျောင်းသား (၁)ဦး ပျက်ကွက်ခဲ့ခြင်းကြောင့် ကျောင်းသား (၈)ဦးကို အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
“နှစ်ဦးကို ပုဒ်မ ၅၀၀ အရအပြစ်ရှိကြောင်း ဆုံးဖြတ်တယ်။ ကျန်တဲ့ ခြောက်ဦးကို ပုဒ်မ ၅၀၀/၃၄ အရ အပြစ်ရှိ ကြောင်း ဆုံးဖြတ်တယ်။ အဲ့ဒါကြောင့် ဒီအမိန့်ကို ချလိုက်တာ။”ဟု ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြောသည်။အမိန့်ချမှတ်ရာတွင် အောင်ခန့်ဇော်နှင့် မြတ်သူထက်တို့ကို ဒဏ်ငွေ ကျပ်(၅)သောင်းစီ ချမှတ်ခဲ့ပြီး ကျန်ရှိ ကျောင်းသား (၆)ဦးကို ဒဏ်ငွေ ကျပ် (၃)သောင်းစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ရုံးချိန်းပျက်ကွက်ခဲ့သည့် ကျောင်းသား မျိုးကိုကိုအား ရာဇဝတ်ကျင့်ထုံးပုဒ်မ ၅၀၀/၁၂ ဖြင့် တရားခံပြေးကြေငြာ ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။“အမိန်ချမှတ်လိုက်တဲ့ တရားသူကြီးယူဆတာက ကျွန်တော်တို့ သုံးနှုန်းလိုက်တဲ့ စကားလုံးတွေက တပ်မတော် သားတွေ၊ သူတို့ရဲ့ မိသားစုဝင်တွေကို ထိခိုက်တယ်လို့ ယူဆတယ်ပေါ့။ နောက်တစ်ချက်က ဒါငြိမ်းရေး အလုပ်ရုံဆွေးနွေးပွဲဖြစ်တယ်။ ကျွန်တော်တို့ သုံးနှုန်းတဲ့ အသုံးအနှုန်းတွေက တရားလိုကို တိုက်ရိုက်လည်း မဟုတ်ဘူး။ တိတိကျကျလည်း မပါဘူး။ အဲ့ဒါကြောင့် ကျွန်တော်တို့ကို ပြစ်ဒဏ် ကြီးကြီးမားမားတော့မချဘူး ဒဏ်ငွေပဲ ချလိုက်တယ်။”ဟု တရားစွဲဆိုခံခဲ့ရသည့် ကျောင်းသား အောင်ခန့်ဇော်က ပြောသည်။
အဆိုပါ အမှုကို ပုသိမ်မြို့နယ် တရားရုံးက ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၂၅ ရက်က စတင်လက်ခံစစ်ဆေးခဲ့ပြီး တရားရင်ဆိုင်ချိန် တစ်နှစ်ကျော်အကြာတွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပုသိမ်မြို့တွင် စစ်ပွဲအလိုမရှိ ပြဇာတ်ကပြခဲ့သည့် ကျောင်းသား ၈ ဦးအား ဒဏ်ငွေများချမှတ်
Reviewed by THITHTOOLWIN
on
15:56
Rating: