ကန်ငြိမ်းချမ်းရေးစေတမန် (၃၁) ဦး မြန်မာအထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးမည်

အမေရိကန် အခြေစိုက် Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်း ၃၁ ဦး
မြန်မာနိုင်ငံက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားရေး တိုးတက်စေဖို့ ရည်ရွယ်ချက်နဲ့ အမေရိကန် အခြေစိုက် Peace Corps အဖွဲ့က စေတနာ့ဝန်ထမ်း ၃၁ ဦးကို အခြေခံပညာ ကျောင်းတွေကို စေလွှတ်ပြီး အင်္ဂလိပ်စာ သင်ကြားပေးဖို့ စီစဉ်ထားပါတယ်။ အမေရိကန်လူငယ်တွေ ပါဝင်တဲ့ စေတနာ့ဝန်ထမ်း အဖွဲ့ဟာ အခြေခံပညာ ကျောင်းတွေက ဆရာတွေ ဆရာမတွေရဲ့ အင်္ဂလိပ်စာ အရည်အသွေး တိုးတက်ရေး လေ့ကျင့် သင်ကြားပေးမှာ ဖြစ်သလို ကျောင်းသားတွေကိုလည်း အင်္ဂလိပ်စာ သင်ကြားပေးမှာပါ။ အင်္ဂလိပ်စာ သင်ကြားရေး Peace Corps စေတနာ့ဝန်ထမ်းတွေ အကြောင်း ကိုစည်သူ ပြောပြပေးမှာပါ။

အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာတိုးတက်လာရေး ပူးပေါင်းကူညီပေးမယ့် Peace Corps ရဲ့ စေတနာ့ဝန်ထမ်းသစ်(၃၁) ယောက်ဟာ ကျမ်းသစ္စာကျိန်ဆိုပြီး တာဝန်ကျရာ ဒေသအသီးသီးက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာသင်ကြားပေးကြမှာပါ။

အမေရိကန်နဲ့ မြန်မာပြည်သူလူထု နှစ်ရပ်အကြား ငြိမ်းချမ်းရေးနဲ့ ရင်းနှီးချစ်ကြည်မှုကို ပါဝင်ကူညီဖို့ နှစ်နိုင်ငံယဉ်ကျေးမှုအကြား နားလည်မှုပြုစု ပျိုးထောင်ရာမှာ လေးစားမှု၊ သတိရှိမှုနဲ့ ဆောင်ရွက်ရမယ့် တာဝန်များကို သည်းခံခြင်း၊ နှိမ့်ချရိုကျိုးခြင်းနဲ့ ခိုင်မာသောဆုံးဖြတ်ချက်တို့နဲ့ ထမ်းဆောင်သွားဖို့ Peace Corps စေတနာ့ဝန်ထမ်းတွေက ကတိသစ္စာပြုခဲ့ကြတာပါ။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ပညာရေးကို အစဉ်အမြဲကူညီသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Scot Marciel ကပြောပါတယ်။

"မြန်မာအစိုးရကချမှတ်ထားတဲ့ ပညာရေးရည်မှန်းချက်တွေကို ကူညီထောက်ပံ့ပေးဖို့ အမေရိကန်အစိုးရက အစဉ်အမြဲအသင့်ရှိနေပါတယ်။ Peace Corps ဟာလည်း ဒီရည်မှန်းချက်တွေကို ကူညီပေးမယ့် အမေရိကန်ရဲ့အကူအညီတွေထဲက တစ်ခုပါ။"

Peace Corps ရဲ့ စေတနာ့ဝန်ထမ်းတွေဟာ မြန်မာဆရာဆရာမတွေနဲ့လက်တွဲလုပ်ကိုင်ဖို့အပြင် မြန်မာ့စကားကိုလည်း သင်ယူထားတာမို့ မြန်မာယဉ်ကျေးမှုနဲ့အတူ စီးမျော နေထိုင်နိုင်မယ်လို့ ယုံကြည်ကြောင်း သံအမတ်ကြီး Scot Marciel ကပြောပါတယ်။

ရန်ကုန်၊ ပဲခူးနဲ့ မွန်ပြည်နယ်တွေမှာရှိတဲ့ အခြေခံပညာ အလယ်တန်းကျောင်းနဲ့ အထက်တန်းကျောင်းတွေမှာ သွားရောက် တာဝန်ထမ်းဆောင်ရမယ့် စေတနာ့ဝန်ထမ်းတွေကို မြန်မာစာ မြန်မာစကားအပြင် မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးစေဖို့ သတင်းဆယ်ပတ်ကြာ အချိန်ယူပြင်ဆင်ပေးခဲ့တယ်လို့ Peace Corps ရဲ့ မြန်မာနိုင်ငံတာဝန်ခံ Maura Fulton ကပြောပါတယ်။

"စေတနာ့ဝန်ထမ်း အစီအစဉ်က လွန်ခဲ့တဲ့ ၂ နှစ်ကျော်တည်းက အစပျိုးခဲ့တာပါ။ သူတို့ကို မြန်မာစာ ၊ မြန်မာစကားကော မြန်မာ့ယဉ်ကျေးမှုနဲ့ပါ ရင်းနှီအောင် သင်ကြားပေးတာအပြင် ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရေးတွေကိုပါ လေ့ကျင့်ပေးထားတာပါ။ သူတို့တာဝန်ကျမယ့် (၂) နှစ်အတွင်း ကုန်ကျစရိတ်တွေကို အမေရိကန်အစိုးရဲ့ Peace Corps ကပဲ တာဝန်ယူမှာပါ။ မြန်မာအစိုးရက ကျခံစရာ မလိုပါဘူး။ သူတို့အမေရိက ပြန်ရောက်လာရင်လည်း မြန်မာ့ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံတွေ၊ မြန်မာ့ သမိုင်းတွေကို မျှဝေရင်းနဲ့ မြန်မာတွေနဲ့ အမြဲတစေ ထိစပ်နေစေမယ့် သံတမန်တွေ ဖြစ်မှာပါ။"

မြန်မာစာနဲ့ မြန်မာယဉ်ကျေးမှုကို လေ့လာထားပြီးပြီမို့ အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားပေးဖို့ အလွန်ပဲ စိတ်လှုပ်ရှားရပြီး သင်ကြားပေးဖို့အပြင် သင်ယူလေ့လာသွားမယ်လို့ စေတနာ့ဝန်ထမ်းတွေဖြစ်တဲ့ Michelle Corio နဲ့ Stephen Lee တို့က ပြောပါတယ်။

"လူကြီးမင်းတို့အရှေ့မှာရောက်ရှိနေကြတဲ့ စေတနာ့ဝန်ထမ်းများ ကျမတို့အနေနဲ့ နောက်ထပ် အချက်အလက်များ အတွေ့အကြုံများ သိရပြီး ဒီအစဉ်လာကောင်းမှာ ပါဝင်ဖို့ရောက်ရှိလာကြတာပါ။ လူကြီးမင်းတို့အရှေ့မှာထိုင်နေရတာ ဘယ်လိုခံစားရသလဲဆိုတာမေးရင်တော့ အားလုံးက ၀မ်းမြောက်ခြင်းနဲ့ စိတ်အေးမှုများနဲ့ ပြည်ဝနေကြပါတယ်။"

Peace Corps အနေနဲ့ စေတနာ့ဝန်ထမ်းအဖွဲ့စေလွှတ်တာဟာ ဒုတိယအကြိမ်ဖြစ်ပြီးတော့ ၂၀၁၇ ခုနှစ်မှာ စေတနာ့ဝန်ထမ်း ၁၄ ယောက်နဲ့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းက အခြေခံပညာကျောင်းတွေမှာ အင်္ဂလိပ်စာ တိုးတက်ရေး ကူညီ ဆောင်ရွက်ပေးနေပါတယ် ။ အခု၂၀၁၈ မှာတော့ ရန်ကုန်တိုင်းမှာ ကွမ်းခြံကုန်း၊ လှည်းကူး၊ မှော်ဘီ၊ ထန်းတပင်၊ကျောက်တန်းနဲ့သုံးခွ ပဲခူးတိုင်းအတွင်းမှာ လက်ပံတန်း၊ အုတ်ဖို၊ မိုးညို၊ ပြည်၊ ညောင်လေးပင် ၊ပြွန်တန်ဆာ၊ ရေတာရှည်နဲ့ ပေါင်းတည် မြို့တွေအပြင် မွန်ပြည်နယ်အတွင်းမှာတော့ ချောင်းဆုံ၊ သထုံ၊ ပေါင်၊ မော်လမြိုင်၊ ကျိုက်ထို မြို့တွေက အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာ သင်ကြားပေးကြမှာ ဖြစ်ပါတယ်။

ကိုစည်သူ  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကန်ငြိမ်းချမ်းရေးစေတမန် (၃၁) ဦး မြန်မာအထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးမည် ကန်ငြိမ်းချမ်းရေးစေတမန် (၃၁) ဦး မြန်မာအထက်တန်းကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးမည် Reviewed by THITHTOOLWIN on 22:36 Rating: 5
Powered by Blogger.