ရေလုပ်သားပိုင်ပိုင်သည် ထိုင်းနိုင်ငံကမ်းဝေးပင်လယ်ပြင်တွင် ရေလုပ်သားတစ်ဦး အဖြစ် အသက်မွေးဝမ်းကျောင်း ပြုခဲ့သူဖြစ်သည်။ သူ့အတွက် ပင်လယ်ကြီးသည်သာ အနာဂတ်အတွက် အိပ်မက်တို့ ရှာဖွေရာ ကမ္ဘာ။ နေ့စဉ် ပင်လယ်ဆားရေတို့ကို ငေးကြည့်ရင်း အိမ်ကို သတိရသည့် စိတ်တို့ကို မိသားစုအတွက်ဟု သတ်မှတ်ကာ ရင်းနှီးမြှုပ်နှံနေ ရသူ။ ''နေရတာ ပင်ပန်းဆင်းရဲတယ်ဆိုတာထက် ပိုပါတယ်။ ပြောရရင် ဥပဒေမဲ့စွာ ခိုင်းခံခဲ့ရတယ်။ တစ်နေ့မှာ ၁၆ နာရီမက ကျွန်တော်တို့ အလုပ်လုပ်ရတယ်''ဟု ပိုင်ပိုင်က သူ့အတွေ့အကြုံကို ပြောသည်။
အလုပ်လုပ်ချင်ဇောအားကြီးသည့် အမျိုးသားများကို ရွာသို့မကြာခဏ လူဆွယ်ရန် ရောက်နေသည့် ပွဲစားများက စည်းရုံးသိမ်းသွင်းကြသည်။ သူတို့ကိုသာမက မိသားစုများ၊ ဆွေမျိုးများကပင် ပွဲစားများကို ယုံကြည်မိကြ သည်။ အချို့ ပွဲစားများသည် ထိုင်းငါးဖမ်းလုပ်ငန်းများရှိ သင်္ဘောပိုင်ရှင် များနှင့် တိုက်ရိုက်ချိတ်ဆက်ပေး ကြပြီး အချို့မှာ တစ်ဆင့်ခံ ချိတ်ဆက်ပေးခြင်းဖြစ်သည်။ ချိတ်ဆက်မှု အဆင့်ဆင့် ဖြတ်ကျော်ပြီးနောက် ကြွေးအချို့ဖြင့် မြန်မာလူငယ်အချို့ ထိုင်းနိုင်ငံသို့ နိုင်ငံဖြတ် ကျော်သွားရသည်။ စာရွက်စာတမ်းများသည် အတုများဖြစ်နေသည် ဆိုခြင်းကို သိရှိသည့် ရေလုပ်သားက နည်းပါးလွန်းသည်။ ဤသည်မှာ ၁၉၉ဝ ပြည့်နှစ် ဝန်းကျင်က ဖြစ်သည်။
ယနေ့အထိ ထိုင်းနိုင်ငံနယ်စပ် သို့မဟုတ် မြန်မာ့ရေပိုင်နက်အလွန်တို့တွင် တရားမဝင်ငါးဖမ်းနေကြသည့် စက်လှေများစွာ ကျန်ရှိနေနိုင်သေးသည်ဟု ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ်က ခန့်မှန်းကြသည်။ နိုင်ငံတကာ ပူးပေါင်းစစ်ဆေးမှုများကြောင့် အချို့သော ငါးဖမ်းလုပ်ငန်းပိုင်ရှင်များသည် စက်လှေ သုံး၊ လေးစင်း သို့မဟုတ် အနည်းငယ်ကို တရားဝင် အခွန်အခများဖြင့် လိုင်စင်ပေးဆောင်ပြီး ကျန်စက်လှေများသည် ပင်လယ်ထဲ တွင်သာ အပြီးထားရှိပြီး တရားမဝင် ဆက်လက် ငါးဖမ်းနေကြသေးကြောင်း သိရှိရသည်။
အစ်ဆာရာသည် ငါးဖမ်းလုပ်သားများအပါအဝင် အလုပ်သမားအခွင့်အရေး များ ဆုံးရှုံးနေကြရသည့် လုပ်သားများ အား ကူညီပေးသည့်အဖွဲ့ တစ်ခုဖြစ်သည်။ အစ်ဆာရာမှ ထိုင်းနိုင်ငံ၏ ကမ်းလွန်ငါးဖမ်းလုပ်ငန်းတွင် လူကုန်ကူး ခံရပြီးနောက် မြန်မာနိုင်ငံရှိ လူမှုအသိုင်းအဝိုင်းအတွင်းသို့ ပြန်လည်ရောက်ရှိလာနိုင်ခဲ့သည့် မြန်မာနိုင်ငံသား ၁၅ ဦးတို့နှင့် တွေ့ဆုံမေးမြန်းပြီး သူတို့၏ အခြေအနေနှင့် အခက်အခဲများကို စုဆောင်း ကာ သုတေသနပြုလုပ်နိုင်ခဲ့ရာ လုပ်ခလစာနှင့် ပတ်သက်၍ လှည့်ဖြားခြင်း၊ အလုပ်နေရာ၊ မိသားစုနှင့် အဆက်အသွယ်ရရှိနိုင်သည့် အခြေ အနေကို လှည့်ဖြားခြင်း၊ တစ်ခါတစ်ရံ ပွဲစားနှင့် လှေသူကြီးတို့ ပူးပေါင်း၍ ကြွေးမြီများဖြင့် ချီနှောင်ခြင်း၊ အဂတိ လိုက်စားသော ရဲများက လူကုန်ကူး သူများထံ ပြန်လည်ရောင်းချခြင်း၊ အနိုင်အထက်ပြုခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် ခြောက်လှန် ခြင်းများကို ခံစားရသူများဖြစ်ကြောင်း စစ်တမ်းအရ သိရှိရသည်။
''၂ဝ၁၅ ခုနှစ် နောက်ပိုင်းမှာ ထိုင်းက တစ်နိုင်ငံလုံးကို တရားဝင်လှေတွေနဲ့ ငါးဖမ်းရမယ်ဆိုပြီး သတ်မှတ်တယ်။ ဥပမာ ကမ်းကထွက်ရင် လူစစ်တယ်။ လူဦးရေ၊ တကယ့် ရေလုပ်သား ဟုတ် မဟုတ် စစ်တယ်။ အခုအချိန်အထိ ကျွန်တော့်သူငယ် ချင်းတွေရှိသေးတယ်။ သူတို့ကို ပင်လယ်ပြင်မှာ ထားခဲ့တယ်။ ကြွေးမကျေသေးဘူး ဆိုပြီး နေကြရတယ်။
တရားမဝင်တဲ့အတွက် သူတို့လှေက ကမ်းကိုကပ်မယ်ဆိုရင် အခြားလှေတွေနဲ့ ကျွန်းတွေပေါ်မှာ သွားဝှက်ထားတယ်။ ဒီလိုနဲ့ ပင်လယ်ပြင်မှာတင် လနဲ့ချီ နေကြရတာ။ နည်းနည်းအဖမ်းအဆီး အရှာအဖွေ လျော့ချိန်ကျမှ ကမ်းကို ခိုးကြောင်ခိုးဝှက် ပြန်ဝင်ရတာလည်း ရှိတယ်'' ဟု ပိုင်ပိုင်က ပြောပြသည်။
အချို့အလုပ်သမားများသည် ဆိပ်ကမ်းကပ်စဉ် လွတ်မြောက်အောင် ထွက်ပြေးရန် စဉ်းစားမိသော်လည်း သင်္ဘောနှင့် ဆိပ်ကမ်းမှဝေးရာ ထွက်ပြေးရန်အတွက် စာရွက်စာတမ်းများ မရှိကြောင်း သိရှိရသည်။ ''လှေသမား တွေဟာ ကမ်းကပ်လျှင် ပိတ်လှောင်ခံရတာပါပဲ'' ဟု ပိုင်ပိုင်က ဆိုသည်။ အမှန်ပင် ဖြစ်သည်။ အနိုင်ထက် ပြုကျင့်မှုကို နှစ်ပေါင်းများစွာ ခံစားခဲ့ပြီးနောက် အစ်ဆာရာ၏ ဖုန်းနံပါတ်ကို ရရှိကာ ရေလုပ်သား တစ်ဦးက ချိတ်ဆက်နိုင်ခဲ့ကြောင်း၊ သူနှင့်အတူ အခြားသူများအား ထွက်ပြေးလွတ်မြောက်ရန်အတွက် ပြောဆိုခဲ့သော်လည်း ပြန်လည်ဖမ်းဆီးခြင်းခံရ မည်ကို စိုးသဖြင့် မထွက်ခဲ့ကြောင်း၊ ဘန်ဂျီးနားဖြစ်စဉ်တွင်လည်း The Asso-ciated Press သတင်းဌာန၏ စုံစမ်းဖော်ထုတ် သတင်းရေးသားမှုကြောင့် နိုင်ငံတကာနှင့် ဒေသခံအဖွဲ့အစည်းများ၊ အစိုးရများ၏ ပူးပေါင်းမှုဖြင့် လူပေါင်း ၁ဝဝဝ ကျော်အား မူရင်းနိုင်ငံများသို့ ပြန်လည်ပို့ဆောင်ပေးနိုင် ခဲ့သည့် သာဓက များကိုလည်း မြင်တွေ့ရသည်။
▄ လွတ်လပ်သော်လည်း အခွင့်အရေးမရခဲ့ ▄
ငါးနှစ်စာဝန်းကျင် လုပ်အားခများကို လအနည်းငယ်အတွင်း ရရှိမည်ဟုဆို ကာ ပြန်လာခဲ့ကြသည့် အလုပ်သမားများသည် ကျွန်းပေါ်တွင် နှစ်ပေါင်းများ စွာ သောင်တင်နေခဲ့ပြီး အချို့မှာမူ အကယ်ခံရပြီး ဂေဟာများ တွင် နှစ်နှင့် ချီကာ ဒုတိယအကြိမ် ဒုက္ခခံစားရသူများလည်းရှိသည်ကို မြင်တွေ့ရသည်။
''ဒုက္ခရောက်လို့ ကယ်ဆယ်ခံရတယ်။ အမှုဖြစ်လာပြီဆိုရင် ဂေဟာတွေမှာ ထားတယ်။ အဲဒီကလည်း ဒုတိယအကြိမ် လူကုန်ကူးခံနေရတာ။ ကျွန်တော်ဆိုရင် ဂေဟာမှာ တစ်နှစ်ကျော်ကြာတယ်။ ဂေဟာက စည်းကမ်းရှိရတယ်။ လူကြီးတွေလာရင်လည်း ပြေလည်အောင်ပြောရ တယ်။ အမှုရင်ဆိုင်နေတဲ့အချိန်ဆိုတော့ စိတ်ကို ချုပ်တီးထားရတယ်။ တရားရုံးတက်ရတဲ့အခါမှာရော၊ လူတွေက လာစစ်ကြရင်ရော ဘာသာပြန် ကို အားကိုးရတယ်။ မြန်မာအစိုးရက တာဝန်ရှိသူတွေလာတဲ့ အခါ သိပ်ပျော်တာပဲ။ အမှုရင်ဆိုင်ရမယ်ဆိုတဲ့အခါ အချို့ကကျတော့ အမှုရင်မဆိုင်ချင်ကြဘူး၊ တရားခံကို တိတိကျကျ အရေးမယူနိုင်တာများ တယ်။ သူတို့ကို ထောင် လည်းမချနိုင် ကျွန်တော်တို့ လစာလည်း ဘတ်တစ်သန်းကျော်တယ်။ မရသေးဘူး။ တရားရုံးကတော့ ဆက်သွားနေ တယ်။ ပံ့ပိုးမှုအားနည်းတယ်။ ဒါကတော့ ထိုင်းပြည်တွင်းမှာ ဖြစ်နေတာတွေပေါ့။ ကျွန်တော်တို့ ကတော့ ကိုယ့်နိုင်ငံ ပြန်ရောက် တာပဲ ကျေးဇူးတင်ပါတယ်''ဟု ထိုင်းနိုင်ငံတွင် ရေလုပ်သားအဖြစ် သွားရောက အလုပ်လုပ်ကိုင်ရင်း မတရားမှုအတွက် ဂေဟာတွင်စောင့်ဆိုင်းကာ အမှုရင်ဆိုင်ခဲ့ရ ဖူးသူ ကိုမျိုးက ပြောသည်။
▄ ငါးဖမ်းလုပ်သားများအတွက် စံနှုန်းတွေရှိတယ် ▄
ငါးဖမ်းရေယာဉ်များပေါ်တွင် လုပ်ကိုင်ကြသည့် ရေလုပ်သားများအတွက် တရား ဥပဒေအရ တစ်ရက်တွင် ဆယ်နာရီအနားယူခွင့်ရှိပြီး တစ်ပတ်လျှင် ခုနစ်နာရီခန့် အနားယူခွင့်ရကြသည်။ လုပ်သားများအား အကာ အကွယ်ပေးရေး အက်ဥပဒေ အားဖြင့် ထိုင်းနိုင်ငံတွင်း ခွင့်ပြုနိုင်သည့် အလုပ်ကြာချိန်၊ ပုံမှန်နှင့် အချိန်ပိုလုပ် အားခများ၊ လစာဖြတ်တောက်ခွင့် များကို မြန်မာအလုပ်သမားများ မသိရှိကြသည် က များသည်။
▄ ဘာကြောင့်အခုလိုခံစားနေရတာလဲ ▄
အလုပ်သမားများ၏ အသိပညာအားနည်းမှုကြောင့် အများဆုံး ဖြစ်ပွားနေကြ ရပြီး ထိုင်းဥပဒေများ၊ အလုပ်သမား၊ အလုပ်လုပ်ခွင့်နှင့်ဆိုင်သည့် စည်းမျဉ်း စည်းကမ်းများကို မသိရှိကြခြင်း၊ တရားဝင်သွားရောက်မှု အားနည်းခြင်း များနှင့် အယုံလွယ်ခြင်းတို့ကြောင့် ယခုကဲ့သို့ ပြဿနာများ ဖြစ်ပွားနေကြခြင်းဖြစ်သည်ဟု အစ်ဆာရာ အင်စတီကျုမှ သိရှိရသည်။ အလုပ်သမား ပြဿနာများ ဖြစ်ပွားလာ ပါကလည်း ဖြေရှင်းနိုင်သည့် အစွမ်းအစ အားနည်းနေသည်ကို မြင်တွေ့ရပြီး စတင် သွားရောက်အလုပ်မလုပ်ကိုင်မီကတည်းက ကြိုတင်ဆက်သွယ် သင့်သည့် နေရာများအား ဆက်သွယ်စုံစမ်းခြင်း၊ အလုပ်သမားအခွင့်အရေးများ အတွက် ရေလည်အောင် ဆွေးနွေးခြင်းများ မပြုလုပ်ထားကြသဖြင့် အလုပ်သမားများဘက်မှ ကြိုတင် ပြင်ဆင်ခြင်း၊ စုံစမ်းမေးမြန်းခြင်းမရှိဘဲ သွားရောက်နေခြင်းများ ရပ်တန့်ကြရန် လိုအပ်ပါသည်။
''ကျွန်မတို့က အလုပ်သမားတွေ အများဆုံးခံစားရတဲ့ ခေါင်းပုံဖြတ်တာ၊ လုပ်အားအမြတ်ထုတ်တာ၊ လူကုန်ကူးတာနဲ့ အခြားသော အလုပ်သမားရေးရာ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ လက်ရှိ နိုင်ငံတကာမှာ လုပ်သားတွေနဲ့ ပတ်သက်ပြီး ထုတ်ကုန်လုပ်ငန်း အဆင့်ဆင့်ကို အရေးယူတာ၊ တာဝန်ခံခိုင်းတာတွေ ရှိပါတယ်။ ဥပမာပြောရရင် ကုန်အမှတ်တံဆိပ်တစ်ခုဟာ ကုန်စည်အရည်အသွေး တစ်ခုတည်းကိုပဲ တိုင်းတာလို့ မရတော့ပါ ဘူး။ အဲဒီကုန်စည်ရဲ့ ကုန်ကြမ်းကို ဘယ်လို ရသလဲဆိုတာတွေ၊ ကုန်ထုတ်လုပ်သားတွေ အဆင့်ဆင့်ကို ဘယ်လိုထားရှိတယ် ဆိုတာတွေအပေါ်မှာလည်း စစ်ဆေးတာတွေ ရှိလာပါပြီ။ ဒါကြောင့် ရေလုပ်သားတွေ၊ ဒါမှမဟုတ် အခြားစက်ရုံအလုပ်ရုံတွေမှာ အလုပ်လုပ်ကိုင်သူတွေအနေနဲ မိမိတို့ ထုတ်ပေးလိုက်ရတဲ့ ကုန်ကြမ်း ဒါမှမဟုတ် ထုတ်ကုန်အမှတ်တံဆိပ်ရဲ့ ပိုင်ရှင် တွေအထိပါ တိုင်ကြားနိုင်ပါတယ်။ သက်သာတိုင်း သူတို့ယူလို့ မရပါဘူး။ အလုပ်သမား အခွင့်အရေးပြည့်ဝစွာနဲ့ ထုတ်လုပ်ထားတဲ့ ကုန်စည်တွေကသာ အမှန်တကယ် သုံးစွဲ သင့်တယ်ဆိုတဲ့ အယူအဆမျိုးကို အခြားနိုင်ငံတွေမှာ ကျင့်သုံးနေကြပါပြီ''ဟု အစ်ဆာရာမြန်မာမှ မြန်မာနိုင်ငံ တာဝန်ခံ ဒေါ်ဥမ္မာအိအိချောက ပြောကြားသည်။
မြန်မာနိုင်ငံတွင်လည်း ဧပြီ ၃ ရက်က အစ်ဆာရာ အင်စတီကျုနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့ ပူးပေါင်း၍ ထိုင်းနိုင်ငံရှိ ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော ရွှေ့ပြောင်းအလုပ်သမားများအား ဘေးအန္တရာယ်များ သိရှိနားလည်၍ ကာကွယ်တားဆီးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး သုတေသန စာတမ်းများအား ဖော်ထုတ်ခြင်း၊ ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော ရွှေ့ ပြောင်းအလုပ်သမားများအား ကာကွယ် စောင့်ရှောက်နိုင်မည့် နည်းလမ်းများ တင်ပြခြင်း၊ အရပ်ဘက်အဖွဲ့အစည်း က ပူးပေါင်းဆွေးနွေးခြင်းဖြင့် ရေလုပ်သားများအား ကာကွယ် စောင့်ရှောက်နိုင်မည့် နည်းလမ်းများကို ဖော်ထုတ်နိုင်ခဲ့ကြသည်ဖြစ်ရာ မကြာမီ မြန်မာရေလုပ်သားများ၏ ဘဝကို ကာကွယ် စောင့်ရှောက်နိုင်တော့မည်ဟု မျှော်လင့်ရပါကြောင်း။ ။
ခင်ရတနာ
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
ရေလုပ်သားတွေကို ကူညီမှုပေးပါ
Reviewed by THITHTOOLWIN
on
11:36
Rating: