ဒက္ကာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့မယ်

ဒုက္ခသည်တချို့နဲ့ တွေ့ဆုံ
ရခိုင်ပြည်နယ်ထဲ ဒုက္ခသည် ပြန်လည် လက်ခံ နေရာချထားရေးမှာ ဦးဆောင်နေသူ ဖြစ်တဲ့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးဟာ ဒီကနေ့ (ဧပြီလ ၁၂ ရက်၊ ကြာသပတေးနေ့) ဒက္ကာမြို့တော်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီ အပါအဝင် အဲဒီက ထိပ်တန်း အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိ နေပါတယ်။

ဒေါက်တာ ဝင်းမြတ်အေးနဲ့ အဖွဲ့ဟာ မနေ့ (ဧပြီလ ၁၁ ရက်နေ့) တုန်းက ကော့စ်ဆက်ဘဇား နယ်စပ်မြို့ လေဆိပ်ကို ရောက်လာ ခဲ့ပြီး၊ အဲဒီမှာ ရှိတဲ့ ကူတူးပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းကို သွားခဲ့ကာ ဒုက္ခသည်တချို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။
ဝန်ကြီးနဲ့တွေ့ဖို့ လာသူတချို့
ဒုက္ခသည် ပြန်လည် လက်ခံရေး အစီအစဉ် အမြန်ဆုံး စတင်လာနိုင်ဖို့ အခု ခရီးစဉ် စီစဉ်ရတာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောထားပါတယ်။

ဒုက္ခသည်တွေ ပြန်လည် ဝင်ရောက်လာဖို့ ကြန့်ကြာ နေတာတွေကို ပြေလည်အောင် ဘင်္ဂလားဒေ့ရှ် အဆင့်မြင့် အရာရှိတွေနဲ့ကြား ဆွေးနွေး သွားမယ်လို့လည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေး ဝန်ကြီးက ဆိုထားပါတယ်။

ဒီအချိန်မှာပဲ၊ ဒုက္ခသည် လွှဲပြောင်းရေး ကိစ္စမှာ လုပ်ဆောင်ကြမယ့် ကိစ္စတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ဒုက္ခသည် ဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ UNHCR တို့ကြား နားလည်မှု စာချွန်လွှာတစ်ရပ်ကို လာမယ့် သောကြာနေ့ ကျရင် ဂျနီဗာမှာ လက်မှတ် ရေးထိုးမယ်လို့ UNHCR ပြောခွင့်ရ အင်ဒရေ မက်ဟက်ချစ်ခ်ျက ပြောပါတယ်။

ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ အခြေအနေတွေနဲ့ ကိုက်ညီတဲ့ အခါမှာ၊ နိုင်ငံတကာ စံနှုန်းစံထား တွေနဲ့ အညီ ဘေးကင်းရန်ကင်း၊ ဂုဏ်သိက္ခာ ရှိရှိ မိမိတို့ သဘောဆန္ဒတွေ အလျောက် ပြန်နိုင် ကြစေဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ကြား စာချုပ် ချုပ်ဆိုတာ ဖြစ်တယ်လို့ မစ္စတာ မက်ဟက်ချစ်ခ်ျက ဆိုပါတယ်။

ဒုက္ခသည် လက်ခံရေး ကိစ္စမှာ ကုလသမဂ္ဂ အနေနဲ့ မြန်မာနိုင်ငံနဲ့ကြား အလားတူ စာချုပ် ချုပ်ဆိုဖို့လည်း ရှိနေပါတယ်။

ကုလသမဂ္ဂ ပါဝင်ပတ်သက်နိုင်မှုနဲ့ စပ်လျဉ်းပြီး ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ မြန်မာနိုင်ငံ ကြားထဲမှာလည်း နားလည်မှု စာချွန်လွှာ မူကြမ်းတစ်ရပ် ရရှိ ထားပြီ ဖြစ်ပြီး၊ နှစ်ဘက် ပြန်လည် သုံးသပ်ပြီးတဲ့အခါ လက်မှတ် ရေးထိုးမှာ ဖြစ်တယ်လို့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောထားပါတယ်။

BBC Burmese
http://www.bbc.com/burmese
ဒက္ကာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့မယ် ဒက္ကာမှာ ဘင်္ဂလားဒေ့ရှ် အစိုးရ ခေါင်းဆောင်ပိုင်းနဲ့ တွေ့မယ် Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.