လပွတ္တာမြို့နယ် သောင်ဒူမြစ်အတွင်း လှေမှောက်သဖြင့် သားအမိ(၄)ဦးသေဆုံး


ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ ရေတွင်းဆိပ်ကျေးရွာအနီး သောင်ဒူမြစ်အတွင်း မတ်လ ၁၅ ရက် နံနက် ၀၀း၃၀ နာရီခန့်က မိသားစုဝင် (၆)ဦး စီးနင်းလာသည့် လက်လှေ တိမ်းမှောက်ရာ သားအမိ (၄)ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလှေသည် ရေတွင်းဆိပ်ရွာအနီးရှိ ဆားကွင်းသို့ အလုပ်လုပ်ကိုင်ရန် သွားရာ လှေမှောက်သဖြင့် လှေ လှော်သည့် မိခင်ဖြစ်သူ အသက် ၃၆ နှစ်နှင့် အသက် (၆)လ၊ အသက် (၃)နှစ်နှင့် အသက်(၆)နှစ် အရွယ် သမီးမိန်းကလေး (၃) ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့ကညဘက်ကြီးထွက်တာဆိုတော့ ဒီအချိန်ကအမြဲလိုလို လေပြင်းတိုက်နေကျ မှောက်တဲ့ နေရာက လှိုင်းနည်းနည်းရှိတော့ မှောက်တာပါ။ အခုတော့ သေမှုသေခင်းဖွင့်လှစ်ထားပါတယ်။” ဟု ပြင်စလူနယ်မြေ ရဲစခန်းမှ ရဲအုပ် နိုင်မိုးအောင်က ပြောသည်။

လှေမှောက်ရာတွင် ပျောက်ဆုံးနေသည့် အလောင်းများအားလုံးကို မတ်လ ၁၅ ရက် နေ့လယ်တွင် ပြန်လည် ဆယ်ယူရရှိခဲ့ပြီး အသက်ရှင်လွတ်မြောက်ခဲ့သည့် ဖခင်ဖြစ်သူနှင့် အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးတို့ကို ပြင်စလူ နယ်မြေရဲစခန်းက စောင့်ရှောက်ပေးထားကြောင်း သိရသည်။
“ဒီအချိန်က မြောက်ပြန်လေတအား တိုက်တဲ့အချိန်ဆိုတော့ ဒီဒေသကလူတွေအားလုံး လှေကြီးရင်တောင် နေ့ လယ်ခင်း ၂ နာရီလောက်ကစပြီး လှေနဲ့ခပ်ဝေးဝေးခရီး မသွားဖြစ်တော့ဘူး။ သူတို့လည်း ဆားကွင်းနဲ့ နီးတယ်ဆိုပြီး ထွက်လာတာလို့ထင်တယ်။ ဒါပေမဲ့ လှေက အရမ်းသေးနေတယ်။” ဟု ရေတွင်းဆိပ် ကျေးရွာ ဒေသခံ ဦးမြသောင်းက ပြောသည်။

အဆိုပါလှေမှောက်မှုကို ပြင်စလူနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၂၀၁၈ ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လပွတ္တာမြို့နယ် သောင်ဒူမြစ်အတွင်း လှေမှောက်သဖြင့် သားအမိ(၄)ဦးသေဆုံး လပွတ္တာမြို့နယ် သောင်ဒူမြစ်အတွင်း လှေမှောက်သဖြင့် သားအမိ(၄)ဦးသေဆုံး Reviewed by THITHTOOLWIN on 19:03 Rating: 5
Powered by Blogger.