တောင်ကုတ်မြို့နယ် ဖိုးပုံကျွန်း တာတမံကို ဖျက်ဆီးသူအား တရားစွဲဆို၍ မရသဖြင့် လယ်သမား ၆၀ ခန့် ဆန္ဒပြ


နိရဉ္စရာ၊ မတ် ၂၉

ရခိုင်ပြည်နယ် တောင်ကုတ်မြို့ လက်ပံကျွန်းအုပ်စု ကံပြင်ရွာမှ လယ်သမား ၆၀ ခန့်သည် သူတို့ လယ်ယာလုပ်နေသည့် ဖိုးပုံကျွန်း တာတမံအား ချိုးဖျက်သူများအား ရဲစခန်းတွင် အမှုဖွင့်၍ မရရာမှ ယနေ့ နံနက်က တောင်ကုတ်မြို့ပေါ်သို့ တက်ရောက်ပြီး ဆန္ဒပြခဲ့ကြသည်ဟု သတင်းရရှိသည်။

“ မြန်မာနိုင်ငံမှာ ၂၀၁၇ မတ်လ ၈ ရက်နေ့က နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကို ပြဌာန်းထားခဲ့ပါတယ်။ ဒါပေမယ့် ဒီဥပဒေအရ အရေးယူပေးရေးကို တရားစွဲဆိုတဲ့အခါ ရဲစခန်းတွေက လက်တွန့်နေကြပါတယ်။ ဆောင်ရွက်ပေးမှု မရှိဘူး။ ဒါကြောင့် တည်ဆဲ ဥပဒေကို အသက်ဝင်ဖို့ အတွက် ကျွန်တော်တို့ ဒီလို တောင်းဆို ဆန္ဒပြရခြင်း ဖြစ်ပါတယ်” ဟု ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးတင်ညိုက ပြောသည်။

ဖိုးပုံကျွန်းမှ လယ်သမား ၆ ဦးလုပ်ကိုင်စားသောက်နေသည့် တာတမံအား ချိုးဖောက်မှုနှင့် ပတ်သက်ပြီး တောင်ကုတ်မြို့နယ် ရွာမရဲစခန်းတွင် အမှုဖွင့်ရာ အမှုကို လက်မခံကြောင်း သူက ပြောကြားသည်။

“ ကျွန်တော်တို့ တာတမံ ဖျက်ဆီးခဲ့ရတဲ့ အမှုကို တောင်ကုတ်မြို့နယ် ရွာမ ရဲစခန်းမှာ သွားတိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတိုင်တာကို လက်မခံခဲ့လို့ပါ။ သူတို့က သက်ဆိုင်ရာ ဌာနဆိုင်ရာကို အကြီးအကဲကို တိုင်ပေါ့။ သက်ဆိုင်ရာ အကြီးအကဲရဲ့ အကြံပေးချက်ရမှ သူတို့က ဒီအမှုကို လက်ခံမယ်ဆိုပြီး ပြောပါတယ်။ ဒါပေမယ့် ဒီဥပဒေမှာက ခွင့်ပြုမိန့်မလိုပါဘူး။ ဥပဒေမှာက နိုင်ငံသား တစ်ဦးက သူနစ်နာနေတယ်လို့ သိရင် တည်ဆဲဥပဒေအရ သွားရောက်တိုင်ကြားလို့ ရပါတယ်။ ဘယ်သူရဲ့ ခွင့်ပြုမိန့် မလိုပါဘူး” ဟု သူက ပြောကြားသည်။


နိရဉ္စရာ သတင်းဌာနမှ ဦးတင်ညိုအား အသေးစိတ်သိရှိနိုင်ရန် မေးမြန်းခဲ့ရာ ဦးတင်ညိုက အောက်ပါအတိုင်း ဖြေကြားသည်။

မေး- ဘယ်သူက တာတမံကို ချိုးဖေါက်ခဲ့ပါသလဲ။
ဖြေ- ဟုတ်ကဲ့ပါ။ တစ်ဖက်က အမှုသည်ကနေပြီးတော့ တရားရုံးမှာ ရင်ဆိုင်နေရတဲ့ အမှုကို တရားဥပဒေနည်းလမ်းအရ ဖြေရှင်းခြင်းမျိုး မပြုဘဲနဲ့ အကြမ်းဖက်တဲ့သဘောနဲ့ သူ့လူတွေကို ခေါ်ပြီး တာတမံကို ချိုးဖေါက်ခဲ့ပါတယ်။ တာတမံကို ချိုးဖောက်ခဲ့အတွက်ကြောင့် ဒီရေတွေ ၀င်ရောက်ပြီး ဒီ ကုန်ခဲ့တဲ့ မိုးတွင်းမှာ လယ်သမားတွေ လယ်မလုပ်နိုင်ခဲ့ဘူး။ ဒါကြောင့် သူတို့တွေမှာ အများကြီး နစ်နာပါတယ်။ ဒါကို ရဲစခန်းကို သွားတိုင်တော့ အမှုကို လက်မခံခဲ့ပါဘူး။

မေး- အဲဒါ ပွင့်ပွင့်လင်းလင်းပြောလို့ရလား။ ဘယ်သူကနေပြီး ဖောက်တာပါလဲ။ ဘာကြောင့် ဖောက်တာပါလဲ။

ဖြေ- အဲဒါကတော့ သူက အရင်တုန်းက ပုဇွန်ကန် လုပ်ခဲ့တယ်လို့ ပြောတာဘဲ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က။ ပုဇွန်က ၂ နှစ်လောက် လုပ်ပြီး စွန့်ပစ်ထားတယ်။ အဲဒီ စွန့်ပစ်ထားတော့ ၁၀ နှစ်လောက်အကြာမှ အဲဒီစွန့်ပစ်ထားတဲ့ မြေမှာ လယ်သမားတွေ တာတမံတွေ ဆည်ပြီး လယ်လုပ်ပါတယ်။ စပါးစိုက်တယ်။ လေးငါးနှစ်လောက် စပါး စိုက်လာတဲ့ အခါမှာကျတော့ လယ်သမားတွေမှာ ပုံစံ (၇) ရပြီးပါပြီ။ ပုံစံ (၇) ရပြီးအခါမှ ယခင် ပုဇွန်လုပ်တဲ့ လူက တာတမံကို လာဖေါက်ပါတယ်။ လယ်တွေကို ဆားငံရေ ၀င်ပြီး လယ်သမားတွေ လယ်လုပ်လို့ မရ။ စပါးစိုက်လိုက် မရဖြစ်သွားပါတယ်။

မေး- အဲလို တာတမံကို ဖေါက်တာကို ရဲမှာ အမှုဖွင့်လို့ မရတဲ့ သဘောပေါ့။
ဖြေ- အမှန်မှာက ဒီအမှုကို ရဲအရေးပိုင်ပါတယ်။ ဘာကြောင့် အနည်းဆုံး ပြစ်ဒဏ် (၆)လကနေအမြင့်ဆုံး ပြစ်ဒဏ် (၃) နှစ်ထိ ရှိပါတယ်။ အခု ဥပဒေတစ်ရပ်ရပ်မှာ ထောင်ဒဏ် (၃) ဆိုရင် ဒီအမှုက ရဲအရေးပိုင်ပါတယ်။

မေး- ပုဇွန်ကန်လုပ်တဲ့သူက ဒီမြေကို ပိုင်တယ်သက်သေ အထောက်အထားရှိပါသလား။
ဖြေ- သူ့မှာက ပုဇွန်ကန်လုပ်တယ်လို့ ပြောတာပါ။ ပုဇွန်ကန် လုပ်ဖို့ ခွင့်ပြုမိန့်ကို တရားရုံးမှာ တင်ပြနိုင်ခြင်းမရှိပါဘူး။ အခုဟာ ပုဇွန် ကန်လုပ်တယ်ဆိုရင် မြေလွတ်မြေရိုင်း စီမံခန့်ခွဲမှု မဟိုအဖွဲ့ကနေပြီတော့ လုပ်ပိုင်ခွင့် ခွင့်ပြုမိန့်လိုပါတယ်။ တကယ့်တကယ်ကျတော့ သူက တင်ပြနိုင်ခြင်း မရှိဘဲနဲ့ အခုက ငါးလုပ်ငန်း ဦးစီးဌာနနဲ့ ပေါင်းပြီးတော့ ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပေးထားတဲ့ ပုဇွန်ကန်အတွက် အခွန်ဆောင်ထားပါတယ်ဆိုတဲ့ ထောက်ခံချက်နဲ့ တင်ပြထားတာလောက်ဘဲ ရှိပါတယ်။

တောင်ကုတ်မြို့နယ် ဖိုးပုံကျွန်းလယ်မြေ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး ဒုတိယဗိုလ်မှူးကြီး အငြိမ်းစား ဦးမြင့်စိန်နှင့် တောင်ကုတ်မြိ့နယ် လက်ပံကျွန်းအုပ်စု ကံပြင် ရွာသားများ အကြားတွင် သူပိုင် ကိုယ်ပိုင် အငြင်းပွားမှု ပေါ်ပေါက်နေကြောင်း သိရသည်။

ဆန္ဒပြသူများသည်ကြွေးကြော်မည့် ကြွေးကြော်သံများမှာ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးနှင့် ဥပဒေအား လက်တွေ အကောင်အထည်ဖော် ဆောင်ရွက်ရေး (ဒို့အရေး)၊ တရားဥပဒေစိုးမိုးရေး- ဥပဒေနှင့် အညီ အဂတိကင်းစွာ ဆောင်ရွက်ပေးရေး (ဒို့အရေး)၊ ဌာနဆိုင်ရာများမှ မမှန်မကန် လုပ်ဆောင်ထားရှိမှုများအား စုံစမ်း ထုတ်ဖော် အရေးယူပေးရေး (ဒို့အရေး) တို့ ဖြစ်ကြသည်။

Narinjara
https://www.facebook.com/Narinjara
တောင်ကုတ်မြို့နယ် ဖိုးပုံကျွန်း တာတမံကို ဖျက်ဆီးသူအား တရားစွဲဆို၍ မရသဖြင့် လယ်သမား ၆၀ ခန့် ဆန္ဒပြ တောင်ကုတ်မြို့နယ် ဖိုးပုံကျွန်း တာတမံကို ဖျက်ဆီးသူအား တရားစွဲဆို၍ မရသဖြင့် လယ်သမား ၆၀ ခန့် ဆန္ဒပြ Reviewed by THITHTOOLWIN on 19:46 Rating: 5
Powered by Blogger.