ကူရန်ဂန်နီတောမီးကြောင့် သေဆုံးသူလူဦးရေ (၂၁)ဦးအထိ မြှင့်တက်ခဲ့ကြောင်း အာဏာပိုင်များထုတ်ပြန်


အိန္ဒိယနိုင်ငံ တမီလ်နာဒူပြည်နယ် ကူရန်ဂန်နီဒေသတွင် တောမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသွားခဲ့သူ လူဦးရေမှာ (၂၁)ဦးအထိ ရှိလာပြီ ဖြစ်ကြောင်း တမီလ်နာဒူအာဏာပိုင်များက မတ်လ(၂၇)ရက်နေ့တွင် ထုတ်ပြန်သွားခဲ့သည်။ ကူရန်ဂန်နီတောင်ပေါ်ဒေသ တောမီးမှာပြီးခဲ့သော ရက်သတ္တပတ်ကလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး တောမီးအား ထိန်းချုပ်နိုင်ရန် အချိန်ယူ ခဲ့ရသည့်အတွက် တောမီးနှင့်ပတ်သက်သည့် ပျက်စီးဆုံးရှုံးမှုကို မတ်လ(၂၇)ရက်နေ့မှသာ အသေးစိတ်ထုတ်ပြန် နိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ကူရန်ဂန်နီတောမီးကြောင့် ဒေသခံပြည်သူများ၏ လူနေအိမ်ခြေ (၇၃) ရာခိုင်နှုန်းခန့် ပျက်စီးခဲ့ရပြီး သစ်တောမြေဧကပေါင်းမြောက်မြားစွာလည်း ဆုံးရှုံးခဲ့ရကြောင်းသိရသည်။ ကူဂန်ဂန်နီဒေသသည် တောင်ပေါ်ဒေသ ဖြစ်သည့်အတွက်ကြောင့် တောမီးလောင်ကျွမ်းပါက ထိန်းချုပ်နိုင်ရန် ခက်ခဲပြီး မီးသတ်ကားများ သွားလာရာ ခက်ခဲသည့်အတွက်ကြောင့် အခြားသောဒေသများတွင် တောမီးလောင်ကျွမ်းသည်ထက် ပိုမိုဆိုးရွားသည့် အခြေအနေဖြင့် ရင်ဆိုင်ရလေ့ရှိသည်။ ကူရန်ဂန်နီတောမီးလောင်ကျွမ်းစတွင် သေဆုံးသူ လူဦးရေ (၅)ဦးခန့်သာ ရှိခဲ့သော်လည်း ယခုနောက်ဆုံးထုတ်ပြန်ချက်အရ (၂၁) ဦးအထိ မြှင့်တက်လာခြင်းဖြစ်သည်။ တောမီးကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံတွင် တက်ရောက်ကုသစဉ် ဒဏ်ရာ အခြေအနေဆိုးရွားသည့်အတွက်ကြောင့် ဆေးရုံပေါ်တွင် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း သိရသည်။

တမီလ်နာဒူအာဏာပိုင်အဖွဲ့အစည်းမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်တစ်ဦးက “ကူရန်ဂန်နီတောင်ပေါ် တောမီးကြောင့် မြေဧကပေါင်းများစွာ ပျက်စီးခဲ့ရသလို ဒေသခံလူနေအိမ်ခြေ (၇၃) ရာခိုင်နှုန်းလောက် တောမီးထဲပါသွားတယ်။ သေဆုံးသူလူဦးရေကလည်း (၂၁)ဦးအထိ ရှိသွားပြီ။ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားပေးသွားမှာပါ” ဟုပြောကြား သွားခဲ့သည်။

ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ကူရန်ဂန်နီတောမီးကြောင့် သေဆုံးသူလူဦးရေ (၂၁)ဦးအထိ မြှင့်တက်ခဲ့ကြောင်း အာဏာပိုင်များထုတ်ပြန် ကူရန်ဂန်နီတောမီးကြောင့် သေဆုံးသူလူဦးရေ (၂၁)ဦးအထိ မြှင့်တက်ခဲ့ကြောင်း အာဏာပိုင်များထုတ်ပြန် Reviewed by THITHTOOLWIN on 12:58 Rating: 5
Powered by Blogger.