ကျောက်ဖြူတွင် အမျိုးသမီးငယ် တစ်ဦးအား အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူပြီး မကောင်းမှုလုပ်ရန်ရောင်းချမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့အား ဖမ်းဆီး
နိရဉ္စရာ၊ မတ် ၂၉
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အမျိုးသမီး တစ်ဦးအား လဘက်ရည်ဆိုင်တွင် အလုပ်ရမည်ဟု ဆိုကာ လိမ်လည်ခေါ်ယူပြီး မကောင်းမှုလုပ်ရန် ရောင်းချမှုကြောင့် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်းရရှိသည်။
“ ဟုတ်ပါတယ်ဗျာ။ ဖမ်းဆီးတာမှန်ပါတယ်။ ရမ်းဗြဲမြို့ လောင်းချောင်း အမှတ်(၁) ရပ်ကွက်က ဦးမောင်လှရီ (၅၃) နဲ့ ကျောက်ဖြူမြို့ စေတီတောင်ရပ်ကွက်က ဒေါ်မိချို (၅၇) နှစ်တို့ ဖြစ်ပါတယ်။ သူတို့ကို လူကုန်ကူးမှု ပုဒ်မ ၂၂၊ ၃၂ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်” ဟု ကျောက်ဖြူမြို့မ စခန်းမှူးက နိရဉ္စရာသို့ ပြောကြားသည်။
၂၀၁၇ ခုနှစ် မေလ အတွင်းက ရမ်းဗြဲမြို့နယ် ပုန်ည၀တီ ကျေးရွာမှ ဦးရွှေမောင်တင်၏ သမီး မ++ (၁၉) နှစ်အား လဘက်ရည်ဆိုင်တွင် အလုပ်ရမည်ဟု ဆိုကာ ဦးမောင်လှရီမှ ဆိုင်ကယ်ဖြင့် ခေါ်ယူလာပြီး ကျောက်ဖြူမြို့ ဒေါ်မိချိုထံတွင် ရောင်းချခဲ့ကြောင်း၊ ၎င်းအမျိုးသမီးမှာ တစ်နှစ်နီးပါးခန့်အကြာ၎င်းနေရာတွင်ရှိနေခဲ့ရာမှ လွန်ခဲ့သော ရက်အနည်းက ထွက်ပြေးသွားပြီး ကပ်သပြေရွာသို့ ရောက်ရှိသွားခဲ့ကြောင်း၊ ပရဟိတ လုပ်ဆောင်နေသူများမှ သူမ မိဘထံသို့ အပ်နှံရန် စောင့်ရှောက်ထားစဉ် သတင်း ပေါက်ကြားသွားပြီး ယခုလ ၂၆ ရက်နေ့က ဆိုရှယ် လူမှုကွန် စာမျက်နာပေါ်တွင် ၎င်းသတင်းမှာ ပျံ့နှံ့လာခဲ့ကြောင်း၊ ရဲတပ်ဖွဲ့မှ အဆိုပါ သတင်းနှင့် ပတ်သက်၍ သွားရောက်စစ်ဆေးပြီး ပါဝင်သူများကို ဖမ်းဆီ ထိန်းသိမ်းခဲ့ကြောင်း စခန်းမှူးက ပြောကြားသည်။
“ သတင်းမှာပါလာတဲ့ အချက်အလက် တစ်ချို့က မှန်ပါတယ်။ ဒါပေမယ့် ဖြောင့်မတ်သူများ အဖွဲ့ခေါင်းဆောင် CSO ဦးမောင်ထွန်းတို့က အဲဒီ မိန်းခလေးကို ဒေါ်မိချိုအိမ်ကို ပြန်ပို့လိုက်တယ် ဆိုတဲ့ သတင်းက မမှန်ပါဘူး ခင်ဗျား။သူတို့က အဲဒီ မိန်းခလေးကို မိဘတွေဆီကို အပ်မလို့ ထိန်းသိမ်းထားစဉ်မှာ တစ်ဦးဦးက ဖေ့စ်ဘုတ်ပေါ်ကို သတင်းအမှားတင်လိုက်တာ ဖြစ်ပါတယ်။ ဦးမောင်ထွန်းတို့က လူမှုရေး သမားတွေပါ။ သူတို့ မကောင်းမှုလုပ်နေတဲ့ အိမ်ကို အမျိုးသမီးကို ပြန်ပို့တယ်ဆိုတာ မဟုတ်ပါဘူးခင်ဗျား” ဟု ကျောက်ဖြူ မြို့မစခန်းမှူးက ပြောကြားသည်။
ကွင်းဆက်များကို စုံစမ်းဖော်ထုတ်ခဲ့ပြီး ပါဝင်ပတ်သတ်သူ ဦးမောင်လျရီနှင့် ဒေါ်မိချိုတို့ နှစ်ဦးကို ဖမ်းဆီးထားပြီး လူကုန်ကူးမှုဖြင့် တရားစွဲဆိုသွားမည်ဟု သိရသည်။
ယခုအခါ အဆိုပါ မိန်းခလေးအား မိဘများထံ အပ်နှံလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
Narinjara
https://www.facebook.com/Narinjara
ကျောက်ဖြူတွင် အမျိုးသမီးငယ် တစ်ဦးအား အလုပ်ရမည်ဟု လိမ်လည်ခေါ်ယူပြီး မကောင်းမှုလုပ်ရန်ရောင်းချမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် အမျိုးသား တစ်ဦးတို့အား ဖမ်းဆီး
Reviewed by THITHTOOLWIN
on
19:05
Rating:
