ပဲနွယ်ကုန်းမြို့တွင် ၂၂ ဘီးယာဉ်နှင့် ၆ ဘီးယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိ
![]() |
ဓါတ်ပုံ - မျိုးကြီး(ပဲနွယ်ကုန်း) |
သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများကို ပဲနွယ်ကုန်းမြို့ တိုက်နယ်ဆေးရုံးသို့ ဆေးစာဖြင့် ပို့ဆောင်ထားပြီး အမှုဖွင့် အရေးယူမှုများ ဆက်လက်လုပ်ဆောင်ထားကြောင်း သိရသည်။
"ခင်ကြီးကွေ့မှာ အရှိန်များပြီး မထိန်းနိုင်ဘဲ နေပြည်တော်က စစ်ရေးပြပြန်လာတဲ့ကားကိုတိုက်မိပြီး လမ်းဘေးက သစ်ပင်နဲ့ ထပ်တိုက်တာ ၂၂ ဘီးယာဉ်မောင်း၊ ယာဉ်နောက်လိုက်ကတော့ သစ်ပင်နဲ့ညပ်ပြီး နေရာမှာ သေဆုံး သွားတယ်။ ဆန်အိတ်တွေပြုတ်ကျပြီး လမ်းဘေးရှိ အမျိုးသမီးတစ်ဦးနဲ့ တပ်မတော်သား ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။" ဟု ပဲနွယ်ကုန်းမြို့မ ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ရန်ကုန်-မန္တလေးကားလမ်းအတိုင်း ရန်ကုန်မြို့မှ ပဲနွယ်ကုန်းမြို့ဘက်သို့ လင်းလင်းထွန်း ၂၉ နှစ် မောင်းနှင်လာ သော ဆန်အိတ်များ တင်ဆောင်လာသည့် HINO ခေါင်းအပြာရောင် ဘော်ဒီအနီရောင် ၂၂ ဘီးယာဉ်သည် ခင်ကြီးကွေ့ အရောက်တွင် အရှိန်မထိန်းနိုင်ဘဲ ဆန့်ကျင်ဘက် တစ်ဘက်ယာဉ်ကြောမှ နေပြည်တော် စစ်ရေးပြ ပြန်လာသည့် တပ်သား ထွဋ်ထွဋ် မောင်းနှင်ပြီး စစ်အရာရှိ ၁ ဦး အခြားအဆင့် ၁၉ ဦး လိုက်ပါစီးနင်းလာသည့် စစ်စိမ်းရောင် ၆ ဘီးယာဉ် ဝဲဘက်ခြမ်းဝင်ရောက်တိုက်မိခဲ့ပြီး လမ်း၏ ဝဲဘက်ခြမ်းကို အရှိန်ဖြင့်ထိုးကျသွားခဲ့ရာ လမ်းဘေးတွင်ရှိသော ကုဣိုပင်အား ထပ်မံတိုက်မိခဲ့ခြင်းဖြစ်သည်။
အဆိုပါ ယာဉ်တိုက်မူကြောင့် လင်းလင်းထွန်း ၂၉ နှစ် ဝဲပါးစုတ်ပြတ်ပေါက်ပြဲ၊ လည်ပင်း၊ ရင်ဘတ်၊ ပေါက်ပြဲ ဝမ်းဗိုက်ပေါက်ပြဲ ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ စိုင်ဆန်းဦး ၃၀ နှစ် နှဖူးပေါက်ပြဲ၊ နှာခေါင်း သွေးထွက် မေးစေ့အောက်ပေါက်ပြဲစသည့် ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးခဲ့ပြီး၊ တပ်ကြပ် အောင်ဝင်းထွန်း ၃၈ နှစ် ဝဲဘက်လက်ကျိုးဒဏ်ရာမစိုးရိမ်ရ၊ ဒုတပ်ကြပ်မောင်သက် ၃၇ နှစ် ဝဲဘက်လက်ဖျံပွန်းပဲ့ဒဏ်ရာ မစိုးရိမ်ရနှင့် ဆန်အိတ်များ လွင့်စင်ကျစဉ် လမ်းဘေးတွင်ရှိသော မခိုင်သဇင်ဦး ၁၈ နှစ်မှာ ဆန်အိတ်ပိသဖြင့် ယာဘက်ခြေခုံခြေကျင်းဝတ် ဒူးပွန်းပဲ့မစိုးရိမ်ရ ဒဏ်ရာတို့ရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်အားမဆင်မခြင်မောင်းနှင်သူ လင်းလင်းထွန်းအား အရေးယူပေးရန် ရဲအုပ်တင်ယုမှ တရားလိုပြုလုပ် တိုင်တန်းသဖြင့် ပဲနွယ်ကုန်းမြို့မ ရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၁၈ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က/၃၃၈ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲနွယ်ကုန်းမြို့တွင် ၂၂ ဘီးယာဉ်နှင့် ၆ ဘီးယာဉ်တို့ တိုက်မိမှုဖြစ်ပွားခဲ့ရာ ၂ ဦး သေဆုံး ၃ ဦး ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
17:10
Rating:
