အသဲရောင် ဘီပိုး လူ ၂၀ မှာ တစ်ဦးသာ ကုသခွင့်ရ


ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၃၀၀ ကျော်ဟာ အန္တရာယ် ကြီးမားလှတဲ့ HBV လို့လူသိများတဲ့ အသဲရောဂါ ဘီပိုးရှိနေကြပေမယ့် လူ ၂၀ မှာ တစ်ဦးသာ ကုသခွင့်ရရှိနေတယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ ဆေးသိပ္ပံဂျာနယ်တစ်စောင်မှာ ဖော်ပြပါတယ်။

HBV ပိုးကြောင့် အသဲထိခိုက်သလို ကင်ဆာလည်းဖြစ်နိုင်ပြီး ကုသဖို့လည်း ခက်ခဲတယ်လို့ဆိုပါတယ်။ ဘီပိုးကြောင့် အသဲခြောက်ရောဂါတွေဖြစ်ပြီး တစ်နှစ်ကို လူ ၆ သိန်းလောက်သေဆုံးရတာမို့ ငှက်ဖျားရောဂါထက်ပိုပြီး အသေအပျောက်များတယ်လို့ Lancet Gastroenterlogy & Hepatology ဆေးသိပ္ပံဂျာနယ်မှ ဖော်ပြပါတယ်။

ဒီရောဂါအတွက် စမ်းသပ်နည်းဟာ ၁၉၇၀ ခုနှစ်များ အချိန်လောက်က ပေါ်လာပေမယ့် ရောဂါဖြစ်ပွားသူ ၁၀ ဦးမှာ ၁ ဦးပဲ ရောဂါရှိကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

ဒီရောဂါဟာ ကူးစက်မြန်ရောဂါဖြစ်ပြီး မိခင်က မွေးကင်းစကလေးကို ကူးစက်နိုင်သလို ကလေးချင်းလည်း ကူးစက်နိုင်ပါတယ်။ ဒါ့အပြင် သွေးကတဆင့်အပြင် ချွေး၊ သလိတ်လို ကိုယ်ခန္ဓာထွက်တဲ့ အရည်တွေကတဆင့်လည်း ကူးစက်နိုင်ပါတယ်။

ဒီရောဂါအတွက် ကာကွယ်ဆေးကို ၁၉၈၀ ခုနှစ်များလောက်က ပေါ်လာခဲ့ပြီး WHO က ၁၉၉၂ ခုနှစ်က ထုတ်ပြန်ချက်အရ မွေးကင်းစကလေးတွေကို မွေးဖွားလာပြီး ၂၄ နာရီအတွင်း ထိုးရမယ်လို့ အကြံပြုထားပေမယ့် မွေးဖွားလာတဲ့ ကလေးတွေမှာ တစ်ဝက်လောက်ဟာ မြန်မြန်ဆန်ဆန် ဆေးထိုးခွင့် မရကြဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အသဲရောင် ဘီပိုး လူ ၂၀ မှာ တစ်ဦးသာ ကုသခွင့်ရ အသဲရောင် ဘီပိုး လူ ၂၀ မှာ တစ်ဦးသာ ကုသခွင့်ရ Reviewed by THITHTOOLWIN on 04:25 Rating: 5
Powered by Blogger.