ပုဏ္ဍားကျွန်း ဦးရာဇ်တောင်ဘုရားပူဇနိယပွဲတော် လှေပြိုင်ပွဲတွင် ရွာသားများ ခိုက်ရန်ဖြစ်ပွား၍ ၁၃ ဦးဒဏ်ရာရ


နိရဉ္စရာ၊ မတ် ၂၇

ရခိုင်ပြည်နယ် ပုဏ္ဍားကျွန်းမြို့တွင် ကျင်းပပြုလုပ်သည့် ဦးရာဇ်တော်ဓာတ်စေတီ စေတီတော် မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော် ရခိုင်ရိုးရာ လောင်းပြိုင်ပွဲ (လှေပြိုင်ပွဲ) တွင် ရွာသားများ ခိုက်ရန်ဖြစ်ပွား၍ လူ ၁၃ ဦး ဒဏ်ရာရရှိသွားကြောင်းသတင်းရရှိသည်။

“ ဒဏ်ရာရတာက စုစုပေါင်း ၁၃ ဦးပါ။ သာစည်ရွာက ၈ ဦးနဲ့ ကျောက်ဆိပ်ရွာက ၅ ဦး ဖြစ်ပါတယ်။ သေဆုံးသူတော့ မရှိပါဘူး။ ဒဏ်ရာ နည်းနည်းပါး ရကြတယ်လို့ ဒီလောက်ဘဲ သိပါတယ်” ဟု ပုဏ္ဍားကျွန်းမြို့နယ်ရဲစခန်း တာဝန်ရှိသူ တစ်ဦးက နိရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။

ဘုရားပွဲတော်၏ နောက်ဆုံးရက် မတ်လ ၂၆ ရက်နေ့ မွန်းလွဲပိုင်းတွင် လှေပြိုင်ပွဲဝင်ကြသည့် ပုဏ္ဍားကျွန်းမြို့နယ် ကျောက်ဆိပ်ရွာသားများနှင့် သာစည်ကျေးရွာသားများ ခိုက်ရန် ဖြစ်ပွားခဲ့ပြီး တုတ်များ၊ လှော်တက်များနှင့် အပြန်အလှန် သတ်ပုတ်ခဲ့ကြသည်ဟု သိရသည်။

“ ဒီအမှုနဲ့ ပတ်သက်ပြီး ရဲစခန်းမှာ အမှုဖွင့်တာတို့ မလုပ်ရသေးပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ တရားလိုတွေက ရဲစခန်းမှာ အမှုလာဖွင့်တာ မရှိသေးဘူး။ ဒီအတွက် အခုအချိန်ထိ ဒီသတ်ပုတ်မှုနဲ့ ပတ်သက်ပြီး အရေးယူတာ မရှိသေးပါဘူး။ လောလောဆယ် စခန်းမှူး အပြင်ကို ရောက်နေတဲ့ အတွက် ဒီအမှုကို ဘယ်လို ဆက်လက်ဆောင်ရွက်ထားတယ်ဆိုတာ သူရောက်မှ သိရမှာ ဖြစ်ပါတယ်” ဟု ပုဏ္ဍားကျွန်း မြို့နယ် ရဲစခန်းမှ တာဝန်ရှိသူက ပြောဆိုသည်။

ဦးရာဇ်တော်ဓာတ် စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော်အား မတ်လ ၂၃ ရက်မှ ၂၆ ရက်နေ့ထိ ၄ ရက်တိုင်တိုင် ကျင်းပရာ နောက်ဆုံးနေ့တွင် ထိုသို့ ပြဿနာဖြစ်ပွားသဖြင့် လှေပြိုင်ပွဲကို လုံးဝ ရပ်နားလိုက်ပြီး ညဇာတ်ပွဲကိုလည်း ရပ်နားလိုက်ရသည်ဟု ဦးရာဇ်တော် ဓာတ်စေတီ စေတီ ဘုရားဂေါပက အတွင်းရေးမှူး ဦးကျော်ဇောသိန်းက နိရဉ္စရာသို့ ပြောကြားသည်။

“ လှေပြိုင်ပွဲကို ရပ်လိုက်ရတယ်။ ဇာတ်ပွဲကိုလည်း ပြသနာ ပြန်ဖြစ်မှာကို စိုးပြီး နောက်ဆုံးည ကခွင့်ကို ရပ်နားလိုက်တယ်။ ကျင်ပွဲကိုတော့ ပြီးအောင်၊ ဆုတွေချတဲ့အထိ ပြုလုပ်ခဲ့ပါတယ်” ဟု ဦးကျော်ဇောသိန်းက ပြောကြားသည်။

ရန်ပွဲ စတင်ဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး မစစ်ဆေးရသဖြင့် ဘယ်သူလွန်သည်၊ ဘယ်သူမှားသည်ကို မသိရသေးကြောင်း သူက ပြောကြားသည်။

ရန်ပွဲတွင် အုတ်ခဲထိမှန်ခဲ့သည့် ၂ နှစ်အရွယ် ကလေးမ တစ်ဦးအား စစ်တွေဆေးရုံသို့ တင်ပို့ခဲ့ရပြီး တစ်ခြား သူ တစ်ဦးဦး သေဆုံးမှုရှိကြောင်း မကြားသိရကြောင်း သူက ပြောကြားသည်။

ဦးရာဇ်တော်ဓာတ်စေတီ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော် လှေပြိုင်ပွဲတွင် ပြိုင်လှေ ခုနှစ်စင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၈ လံ ၂ စင်း၊ ၆ လံ ၃စင်းနှင့် ၅ လံ ၂တောင် ၃ စင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်ဟု သိရသည်။

(Photo by Min Naing Thu)
Narinjara
https://www.facebook.com/Narinjara
ပုဏ္ဍားကျွန်း ဦးရာဇ်တောင်ဘုရားပူဇနိယပွဲတော် လှေပြိုင်ပွဲတွင် ရွာသားများ ခိုက်ရန်ဖြစ်ပွား၍ ၁၃ ဦးဒဏ်ရာရ ပုဏ္ဍားကျွန်း ဦးရာဇ်တောင်ဘုရားပူဇနိယပွဲတော် လှေပြိုင်ပွဲတွင် ရွာသားများ ခိုက်ရန်ဖြစ်ပွား၍ ၁၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 13:32 Rating: 5
Powered by Blogger.