ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဓားဖြင့်ခုတ်ကာ ထွက်ပြေးသွားသူ လေးဦးအနက်မှ တစ်ဦးအား ပြစ်မှုကျူးလွန်သူများ စီးနင်းလာသောကားနှင့်အတူ အခင်းဖြစ်ပွားပြီး တစ်နာရီခန့်အကြာတွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်တရားခံများ ဖမ်းဆီးရမိရေး ဆက်လက် စုံစမ်းစစ်ဆေးနေကြောင်း လားရှိုးမြို့မ ရဲစခန်းမှ သိရှိရသည်။
လားရှိုးမြို့နယ်၊ မယ်ဟန်ကျေးရွာအုပ်စု၊ ခိုဆန်တန်ကျေးရွာအနီး မတ် ၁၄ ရက်၊ နေ့လယ်(၃း၀၀)နာရီကျော်က ဆိုင်ကယ်စီးလာသော လူ(၂)ဦးအား KLUGER အဖြူရောင်ယာဉ်ပေါ်ပါသူ (၄)ဦးခန့်က ဓားဖြင့်ခုတ်ခြင်းကြောင့် ဒဏ်ရာများရရှိကာ လားရှိုးပြည်သူ့ဆေးရုံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
“ခုတ်ခံရတဲ့သူတွေကို မေးကြည့်တော့ ကားနံပါတ်မှတ်မိတယ်။ ဒါနဲ့ ကားနံပါတ်လိုက်ကြည့်လိုက်တော့ ယုံဟော် စားသောက်ဆိုင်နားမှာတွေ့လို့ စစ်ဆေးတဲ့အခါမှာ အဲဒီကားပေါ်မှာတွေ့တဲ့ ယာဉ်မောင်းရဲ့ ဖုန်းမက်ဆင်ဂျာကို စစ်လိုက်တော့မှ ခုတ်တဲ့အကြောင်း ထွက်လာတာပါ။”ဟု လားရှိုးမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ယာဉ်မောင်းကိုင်သော MI ဖုန်းမှ Aung Sitt Min အကောင့်၏ မက်ဆင်ဂျာအားစစ်ဆေးရာမှ ပြစ်မှုကျူးလွန်ရန် ချိတ်ဆက်ထားသောစာများ တွေ့ရှိခဲ့ရပြီး ဓားဖြင့်ခုတ်သူဟု ယူဆရသူ လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ (၁၄)နေ အောင်စစ်မင်း(၁၈)နှစ်ကို မတ်လ ၁၄ ရက် ညနေ ၄း၀၀ နာရီကျော်က ဖမ်းဆီးရမိထားပြီး လက်ရှိတွင် ၎င်းနှင့် ချိတ်ဆက်သူများမှာ ထွက်ပြေးလွတ်မြောက်နေကြောင်း သိရသည်။
၎င်းတို့ ဓားဖြင့်ခုတ်ခဲ့ခြင်းကြောင့် မောင်နေဇင်သော်(၂၁)နှစ်မှာ ဝဲလက်ပြတ်ရှဒဏ်ရာတစ်ချက်၊ မောင်အောင် ခိုင်(၂၀)နှစ်မှာ ဝဲချိုစောင်းပြတ်ရှဒဏ်ရာ(၁)ချက်ဖြင့် လားရှိုးဆေးရုံကြီးတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံ ယူနေရကြောင်း သိရသည်။
“လက်ရှိအခြေနေအရ လားရှိုးမြို့မှာ လူငယ်တွေမကြာခဏ ဓားခုတ်ခံနေရတယ်။ ခုတ်တဲ့သူတွေကိုလည်း ရဲတပ်ဖွဲ့က နေ့ညမပြတ်စုံစမ်းနေတယ်။ ရဲအရေးယူပိုင်ခွင့်ရှိလျက်နဲ့ အရေးမယူခဲ့ဘူးဆိုရင် တရားဥပဒေစိုးမိုး ရေးနဲ့ ရပ်ရွာအေးချမ်းသာယာရေးကိုဆောင်ရွက်တဲ့အခါမှာ အနှောင့်အယှက်၊ အဟန့်အတားဖြစ်ပေါ်လာနိုင်လို့ ရဲတပ်ဖွဲ့ကပဲ တရားလိုလုပ်ပြီးတော့ အမှုဖွင့်ခဲ့တာပါ။”ဟု ရဲအရာရှိက ဆက်ပြောသည်။
လက်ရှိတွင် မောင်အောင်ခိုင်နှင့် မောင်နေဇင်သော်တို့အား ဒဏ်ရာများရရှိအောင် ဓားဖြင့်ခုတ်သူဟု သံသယရှိ သည့် လားရှိုးမြို့၊ ရပ်ကွက်(၈)၊ နယ်မြေ(၁၄)နေ အောင်စစ်မင်း(၁၈)နှစ်ဖမ်းဆီးရမိထားပြီး၊ လားရှိုးမြို့၊ ရပ်ကွက်(၉)နေ ထက်လင်းပါ အခြား(၂)ဦးတို့အား လားရှိုးမြို့မရဲစခန်းက (ပ)၉၀/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆/၁၁၄ တို့ဖြင့် ဖမ်းဆီးရမိရေး အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
လားရှိုးတွင် ဆိုင်ကယ်စီးနင်းလာသူများကို ဓားဖြင့်ခုတ်သူ လေးဦးအနက်မှ တစ်ဦးဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
18:56
Rating: