ရန်ကုန်၊ ဖေဖော်ဝါရီ ၇။
ကချင်ပြည်နယ်၊ ၊ပူတာအိုမြို့နယ်ရှိ လုံးစွပ်စစ်ရှောင်စခန်းနေ စစ်ဘေးရှောင်နေရသူများ နေ့စဉ်လူနေမှုဘ၀ ရပ်တည်နိုင်ရန်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်နေသည်ဟု စခန်းတာဝန်ခံ ဒေါ်အဂျွန်းနန်ရမ်က ပြောသည်။
"ဒီမှာ အဓိကလိုအပ်နေတာက နေ့စဉ်ပုံမှန်ဝင်ငွေတစ်ခုရနိုင်မယ့် အလုပ်မျိုးတွေပေါ့နော်။ စခန်းမှာနေကြရတဲ့ လူတွေမှာက အလုပ်မရှိကြတော့ ပျံကျအလုပ်တွေ ရှာလုပ်နေရတယ်။ ဒါကလည်း နေ့တိုင်း အလုပ်မရှိဘူးဆိုရင်တော့ အဆင်က မပြေလာဘူးလေ။ အဲဒီတော့ ဒီမှာ ရှိနေတဲ့သူတွေအတွက် နေ့တိုင်းပုံမှန်လုပ်ငန်းလုပ်နိုင်ပြီး ၀င်ငွေပုံမှန်ရှိမယ့် အလုပ်အကိုင်မျိုးတွေကို ဖန်တီးပေးစေချင်ပါတယ်" ဟု ၎င်းက ပြောသည်။
စခန်းအတွင်းနေ အမျိုးသားများအနေဖြင့် ပူတာအိုမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များနှင့် ကုန်ထမ်းပိုးသည့် လုပ်ငန်းများတွင် ပျံကျအလုပ်များကို နေ့စားဝင်ရောက်လုပ်ကိုင်လျက်ရှိသည်။ အမျိုးသမီးများအတွက်မူ အဆိုပါလုပ်ငန်းများတွင် ခေါ်ယူမှုနည်းပါးသဖြင့် စခန်းအတွင်းမှာပင် ယက်ကန်းယက်ခြင်း၊ ၀က်မွေးခြင်းလုပ်ငန်းများကိုသာ လုပ်ကိုင်နေကြရသည်။
လုံးစွတ်စခန်းတွင် နေထိုင်သော အသက် ၃၈ နှစ်အရွယ် ကိုဇော်စောင်းက “ ပျံကျအလုပ်တွေ ရှာပြီး နေ့စား လိုက်လုပ်တယ်၊ အဆင်မပြေတော့ ရွှေမှော်တွေအထိ သွားလုပ်တော့လည်း အဆင်မပြေဘူး၊ ဆန်ရှိတယ်ဆိုပေမယ့် ဟင်းအတွက်ကလည်း ငွေရှာရတယ်၊ သားသမီးတွေပါ ရှိနေတော့ မုန့်စားချင်တယ် ပူဆာတယ်။ ကျောင်းထားဖို့အတွက်လည်း ရှိနေတော့ ပိုက်ဆံမရှိရင် မျက်နှာငယ်ရမှာ၊ အဲဒီအတွက် အလုပ်တွေ လုပ်ချင်တယ်” ဟု ပြောသည်။
လုံးစွတ်စစ်ရှောင်စခန်းတွင် မချမ်းဘော့မြို့နယ်၊ ပူတာအိုမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာ ငါးရွာမှ ထွက်ပြေးတိမ်းရှောင်လာသော အိမ်ထောင်စု ၆၀ ကျော်မှ လူဦးရေ ၂၈၀ ကျော် နေထိုင်လျက်ရှိသည်။ ယင်းတို့အနက် လူဦ်းရေ တစ်ရာခန့်မှာ ပညာသင်ကြားနေဆဲ ကျောင်းသား၊ ကျောင်းသူများဖြစ်ပြီး သက်ကြီးရွယ်အို ၅၀ ဦးရှိသည်ဟု စစ်ရှောင်စခန်းမှ ရရှိသည့် အချက်အလက်များအရ သိရသည်။
စစ်ဘေးရှောင်ပြည်သူများအား ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) မှ လစဉ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးနေပြီး ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှလည်း တနိုင်တပိုင် လက်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သင်တန်းများ စီစဉ်ပေးထားသည်ဟု သိရသည်။
ဇေယျာမင်း(သံလွင်ခက်)
Central News Myanmar
https://www.facebook.com/CNMyanmar
ပူတာအိုမြို့ရှိ လုံးစွတ်စခန်းနေ စစ်ဘေးရှောင်ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းလိုအပ်
Reviewed by THITHTOOLWIN
on
11:08
Rating: