မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဘေးတွဲယာဉ်များကို အရေးယူသွားမည်


မြစ်ကြီးနား၊ မတ် ၂၇

မြစ်ကြီးနားမြို့ရှိ ဆိုင်ကယ်များတွင် ယာယီပြုလုပ်ထားသည့်ဆိုင်ကယ်ဘေးတွဲနှင့် ဆိုင်ကယ်နောက်တွဲ ယာဉ်များကို အရေးယူသွားမည်ဖြစ်ကြောင်း အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ယင်း ဆိုင်ကယ်ဘေးတွဲယာဉ်များကို ပြုပြင်ပြောင်းလဲတည်ဆောက်ထားခြင်း တရားဝင်လုပ်ပိုင်ခွင့်မရှိခြင်း နှင့် စည်းကမ်းနှင့်မညီညွတ်ခြင်းစသည့်အချက်များကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားမှုဖြင့် ဖေဖော်ဝါရီလတွင် စတင်ဖမ်းဆီးအရေးယူနေခြင်းဖြစ်ပြီး ဆက်လက်၍ အရေးယူခြင်းမျိုး ပြုလုပ်သွားရန်ရှိကြောင်း သိရသည်။
``မော်တော်ယာဉ်နည်းဥပဒေအရ အဲ့ဒီလိုယာဉ်ကို ပြုပြင်ပြောင်းလဲတည်ဆောက်တာက ဥပဒေနဲ့လည်း မညီညွတ်ဘူး၊ ဆိုင်ကယ်ရဲ့ ဘေးတွဲပေါ်မှာထိုင်စီးတဲ့သူတွေလည်း အရမ်းအန္တရာယ်များပါတယ်၊ ဒါကြောင့် အဲ့ဒီယာဉ်တွေကို ဖမ်းဆီးရခြင်း ဖြစ်ပါတယ်´´ဟု အမှတ်(၉၈)ယာဉ်ထိန်းရဲတပ်ဖွဲ့မှူး ဒုရဲမှူးကျော်စိုးဦးကပြော သည်။

၂၀၁၈ခုနှစ် ဖေဖော်ဝါရီလအတွင်းတွင် မြစ်ကြီးနားမြို့အတွင်းရှိ ထိုဆိုင်ကယ်ဘေးတွဲယာဉ်(၃)စီးကို ဖမ်းဆီးကာ သတ်မှတ်ဒဏ်ကြေး နှစ်သောင်းကျပ်ပေးဆောင်စေပြီး ဆိုင်ကယ်များကို ဘေးတွဲများကိုဖြုတ်၍ ပြန်လည်ပေးအပ်ခြင်းမျိုး ပြုလုပ်၍အရေးယူခဲ့ကြောင်း သိရသည်။
မြစ်ကြီးနားမြို့ပေါ်တွင် အဆိုပါဆိုင်ကယ်ဘေးတွဲနှင့်ဆိုင်ကယ်နောက်တွဲယာဉ်များကို အများအားဖြင့် ယခင်အနှေးယာဉ်ဆိုက်ကားမောင်းသူများနှင့် ဈေးရောင်းသည့်ဈေးသည်များမှ အများဆုံးအသုံးပြုလျှက်ရှိကြောင်း သိရသည်။

၁၉၈၉ခုနှစ် မော်တော်ယာဉ်နည်းဥပဒေပုဒ်မ-၂၄အရ (ယာဉ်တည်ဆောက်မှုညွှန်ကြားချက်နှင့် မညီညွတ် သည့်ယာဉ်များ)ဟူ၍ ပုဒ်မပြဌာန်းထားပြီး ၂၀၁၅မော်တော်ယာဉ် နည်းဥပဒေပုဒ်မ-၆၅အရ ဒဏ်ငွေသုံးသောင်းကျပ် အထိ အရေးယူသည့်ပုဒ်မ ပြဌန်းထားကြောင်း သိရသည်။

ဦးမင်းမင်းဦး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဘေးတွဲယာဉ်များကို အရေးယူသွားမည် မြစ်ကြီးနားမြို့တွင် ဆိုင်ကယ်ဘေးတွဲယာဉ်များကို အရေးယူသွားမည် Reviewed by THITHTOOLWIN on 04:05 Rating: 5
Powered by Blogger.