လုံခြုံရေးကြောင့် သက်လူမျိုးတွေ နေရပ်စွန့်ခွာမှု များနေ

သက်လူမျိုးတွေကို လုပ်ကိုင်စားသောက်လို့မရအောင် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိနေ
ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက သက်လူမျိုးတွေဟာ လုံခြုံရေးနဲ့ စားဝတ်နေရေးလိုအပ်ချက်တွေကြောင့် နေရပ်စွန့်ခွာမှု များနေတဲ့အတွက် လူမျိုးပျောက်မယ့် အန္တရာယ်ကို ရင်ဆိုင်နေရတယ်လို့ သက်လူမျိုး ခေါင်းဆောင်တဦးလည်းဖြစ်တဲ့ မောင်တောမြို့နယ် လွှတ်တော်အမတ် ဦးလှထွန်းကျော်က ဘီဘီစီကို ပြောပါတယ်။

သက်လူမျိုးတွေဟာ မောင်တော်မြို့နယ်တဝိုက်က ရွာကိုးရွာမှာ အများဆုံး စုဝေးနေထိုင်ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် ဒေသတွင်း ပဋိပက္ခတွေအပြီးမှာ နေရာအနှံ့ကို ထွက်ခွာသွားကြတဲ့အတွက် မူလ သက်လူမျိုး လူဦးရေ ၅၀ဝ၀ လောက်ကနေ ၂၇၀ဝ လောက်ပဲ ကျန်တော့တယ်လို့လည်း ဆိုပါတယ်။

လက်ရှိ မောင်တောမြို့မှာဆိုရင် ယခင်က သက်လူမျိုး အိမ်ထောင်စု ၅၀ ခန့် ရှိရာကနေ ဌာနေ ပြည်သူ့စစ်တာဝန် ထမ်းဆောင်သူ သက်လူမျိုး အမျိုးသားတွေ အများစုနေတဲ့ နေအိမ် ၁၀ အိမ်လောက်ပဲ ကျန်တော့တယ်လို့လည်း ဦးလှထွန်းကျော်က ပြောပါတယ်။

သက်လူမျိုးတွေကို လုပ်ကိုင်စားသောက်လို့မရအောင် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတဲ့အပြင် စားဝတ်နေရေး၊သွားလာရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲတွေပါ ရှိနေပေမယ့် အစိုးရပိုင်းကလည်း ရေရှည် ကူညီခြင်းမရှိဘူးလို့ သူက ဆက်ပြောပါတယ်။

သက်မျိုးနွယ်စုဟာ မြန်မာနိုင်ငံ ပထမဆုံး အခြေချ နေထိုင်လာတယ်လို့ သမိုင်းပညာရှင်တချို့က သုံးသပ်ထားတဲ့ ပျူ၊ ကမ်းယံ၊ သက် ဆိုတဲ့ မျိုးနွယ်စု သုံးစုထဲက တခု ဖြစ်တဲ့ အတွက် လူမျိုးပျောက်ကွယ် မသွားရေးကို နိုင်ငံတော် အစိုးရက အထူးအလေးပေး ဆောင်ရွက်ပေးဖို့ လိုအပ်နေတယ်လို့လည်း ဦးလှထွန်းကျော်က ပြောဆိုခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
လုံခြုံရေးကြောင့် သက်လူမျိုးတွေ နေရပ်စွန့်ခွာမှု များနေ လုံခြုံရေးကြောင့် သက်လူမျိုးတွေ နေရပ်စွန့်ခွာမှု များနေ Reviewed by THITHTOOLWIN on 09:04 Rating: 5
Powered by Blogger.