တိုက်ပွဲတွေကြောင့် ထွက်ပြေးရောက်ရှိနေသူတွေကို မန်စံကျေးရွာ မန်ဟောင် ဘုန်းတော်ကြီးကျောင်းမှာ တွေ့ရစဉ်/ ဓါတ်ပုံ - မိုင်းလုံအေး |
တိုက်ပွဲတွေဟာ ဆက်တိုက်ဖြစ်ပွားနေပြီး ကျောက်မဲမြို့နယ် တောဖယ်ကျေးရွာမှာတော့ စစ်ဘေးရှောင်သူတွေ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ နယ်စည်းမခြား ပရဟိတအဖွဲ့က ကိုမျိုးက ပြောပါတယ်။
"တောဖယ်ကျေးရွာမှာ တချို့တွေ ကျောက်မဲဘက်ကို ဆင်းလာဖို့အတွက် အခက်အခဲဖြစ်နေတယ်ပြောလို့ ကျနော်တို့ကို လှမ်းအကူအညီတောင်းလာတယ်၊ ရက်ကြာရှည်သွားမယ်ဆိုရင်တော့ သူတို့အတွက် စားရေးသောက်ရေး အခက်အခဲဖြစ်လာမှာပါ"
တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့အတွက် ပိတ်မိနေတဲ့ ကျေးရွာသူ၊ ကျေးရွာသားတွေ ရှိနေသလို ထွက်ပြေး တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ တစ်ရက်တစ်ရက် ပိုများလာနေပြီဖြစ်ပါတယ်။
တိုက်ပွဲတွေ ကြာရှည်နေအုံးမယ်ဆိုရင် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးဖို့ အခက်အခဲ ဖြစ်လာနိုင်တယ်လို့ ကိုမျိုးက ပြောပါတယ်။
တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA က ဗိုလ်မှူးကြီး မိုင်အိုက်ကျော်က ဒီနေ့ ပစ်ခတ်မှုတွေ ကြောင့် ကျောက်မဲမြို့နယ် တော်ဖယ်ကျေးရွာမှာ ဒေသခံ ၂ ဦး သေဆုံးခဲ့ပြီး ၃ ဦးလောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။
TNLA နဲ့ RCSS/SSA တို့အကြား တိုက်ပွဲတွေနဲ့ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ လာမယ့် ဧပြီလမှာ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားချိန်မှာ အခုလိုတိုက်ပွဲတွေ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/ SSA က ဒုတိယဗိုလ်မှူးကြီး စိုင်းဦးက ပြောပါတယ်။
TNLA ဟာ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့မှာ ပါဝင်ပြီး RCSS/ SSA ကတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် NCA မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese
တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရသူ ထောင်နဲ့ချီ ရှိနေ
Reviewed by THITHTOOLWIN
on
21:43
Rating: