![]() |
လှိုင်မြို့နယ်တွင် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုပြုလုပ်သူများ၏ဖော်ထုတ် ချက်အရ ရောင်းချသူများကို ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ |
လှိုင်မြို့နယ်အတွင်းဖမ်းဆီးရမိသော နိုင်ငံခြားအရက်မျိုးစုံအတု ပြုလုပ်မှုမှ
ပြစ်မှုကျူးလွန်သူများအား စစ်ဆေးရာမှ အရက်အတုရောင်းချသူများကို
ထပ်မံဖော်ထုတ်ဖမ်းဆီးရမိကြောင်း သိရသည်။
မတ် ၂၃ ရက်နေ့ နေ့လည် ၃ နာရီအချိန် လှိုင်မြို့နယ်၊ ပိတောက်ချောင်း
နယ်မြေရဲစခန်းမှူးနှင့်အဖွဲ့သည် သက်သေ များနှင့်အတူ လှိုင်မြို့နယ်၊
အမှတ်(၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ အမှတ်(၁၃)နေအိမ်ခြံဝင်းအတွင်း
နိုင်ငံခြား ဖြစ်အရက်မျိုးစုံအား ရောစပ်အတုပြုလုပ်နေကြောင်း သတင်းအရ
သွားရောက်ခဲ့ရာ အမှတ်(၅)ရပ်ကွက်၊ ရတနာမွန်(၃)လမ်းထိပ်အရောက်
ယာဉ်မောင်း ထိန်လင်း(၃၆)နှစ် မောင်းနှင်လာသော ယာဉ်အမှတ်- FF/-----
Fielder အနက်ရောင်ယာဉ်အား စစ်ဆေးရာ ယာဉ်ပေါ်တွင် နိုင်ငံခြားဖြစ်
အရက်မျိုးစုံအတုပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား
ရှာဖွေတွေ့ရှိ၍ စစ်မေးရာ အမှတ်(၅)ရပ်ကွက်၊ ရတနာပုံ(၃)လမ်း၊
ခြံအမှတ်(၅၀)နေ ဦးတင်ထွန်း(၅၂)နှစ်ဆိုသူမှ စေခိုင်း၍ သယ်ဆောင်လာ
ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ပူးပေါင်းအဖွဲ့သည် ဦးတင်ထွန်း
နေထိုင်သည့် နေအိမ်သို့ ၀င်ရောက်ရှာဖွေရာ နိုင်ငံခြားဖြစ်အရက်မျိုးစုံ
(၁၃၆)ဖာနှင့် ဆက်စပ်ပစ္စည်း တို့ကို ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့်
နိုင်ငံခြားဖြစ်အရက်မျိုးစုံအတုပြုလုပ်သူ ဦးတင်ထွန်းနှင့် ယာဉ်ဖြင့်
သယ်ဆောင်သူ ထိန်လင်းတို့အား ပိတောက်ချောင်းနယ်မြေရဲစခန်း
(ပ) ၁၇၈/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၄၂၀/၄၈၆ ဖြင့် အရေးယူဆောင်ရွက်
လျက်ရှိကြောင်း ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ထိန်လင်း ၏ဖော်ထုတ်ချက်အရ အရက်တုများအား မြောက်ဥက္ကလာပ
မြို့နယ်၊ (စ)ရပ်ကွက်နေ ကိုသက်(ခ) သက်ထွန်းနိုင် (၄၇)နှစ်မှ
ပို့ဆောင်ခိုင်းကြောင်း ထပ်မံပေါ်ပေါက်၍ ကိုသက်(ခ) သက်ထွန်းနိုင် အား
မတ် ၂၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်၊
(ဋ)ရပ်ကွက်တွင် ဖမ်းဆီးရမိခဲ့သည်။
ကိုသက်(ခ)သက်ထွန်းနိုင်အား စစ်ဆေးရာ ၎င်းသည် ၂၀၁၇ ခုနှစ်၊
စက်တင်ဘာလမှစ၍ ဦးတင်ထွန်းနှင့်အတူ အရက်တုလုပ်ငန်းအား
ဝင်ရောက်လုပ်ကိုင်ခဲ့ကြောင်း၊ အရက်ပုလင်းအဟောင်းများ၊ တံဆိပ်၊
ပုလင်းအဖုံးနှင့် အရက်ဖာများအား ဦးတင်ထွန်းမှ မန္တလေးမြို့နေ
ဒေါ်မာမာဦးထံမှ မှာယူခဲ့ကြောင်း၊ နိုင်ဝင်း၊ အောင်ကျော်တို့မှ အရက်ရော
စပ်သည့်အလုပ်အားလည်းကောင်း၊ ထိန်လင်း၊ ရဲလင်းအောင်၊ ကျော်သူလွင်
တို့မှ ပုလင်းအလွတ်များ ဆေးကြောခြင်းနှင့် ပုလင်းများတွင် တံဆိပ်များ
ကပ်သည့်အလုပ်ကိုလည်းကောင်း၊ သန့်ရှင်း ရေးအလုပ်ကို ဇော်လင်းမှ
လည်းကောင်း လုပ်ကိုင်ခဲ့ကြပြီး ပုလင်းအဖုံးများဖုံးသည့်အလုပ်ကို
ဦးတင်ထွန်း ကိုယ်တိုင်လုပ် ခဲ့ကြောင်း၊ အလုပ်သမားအားလုံးမှ အရက်များ
အား ပုလင်းများထဲသို့ ၀ိုင်းထည့်သည့်အလုပ်ကို လုပ်ကိုင်ခဲ့ပြီးနောက်
အဆိုပါအရက်ပုလင်းများအား ဦးတင်ထွန်း ငှားရမ်းနေထိုင် သည့်
လှိုင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ရတနာမွန်(၂)လမ်း၊ အမှတ်(၁၃)နေအိမ်
တွင် သိုလှောင်ထားခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။
ဦးတင်ထွန်းအား ထပ်မံစစ်ဆေးရာ အရက်တုများကို မန္တလေးမြို့နေ
ဒေါ်မာမာဦးထံသို့ အဝေးပြေးကားဂိတ်မှ တစ်ဆင့် အကြိမ်ကြိမ်ပေးပို့ရောင်း
ချခဲ့ကြောင်း၊ လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သင်္ဂီစတိုး
ဆိုင် နှင့် မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်ဈေး
မြေညီထပ်၊ ဆိုင်အမှတ်(၄)ရှိ ကိုထွန်းအောင် ၏ စားသောက်ကုန်နှင့်
အဖျော်ယမကာ ရောင်းဝယ်ရေးဆိုင်သို့ ရောင်းချခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါ
သည်။
ပေါ်ပေါက်ချက်အရ မတ် ၂၂ ရက်နေ့ နေ့လည် ၂ နာရီအချိန် ပူးပေါင်းအဖွဲ့မှ
လှိုင်မြို့နယ်၊အမှတ်(၃)ရပ်ကွက်၊ ဘူတာရုံလမ်းရှိ သင်္ဂီစတိုးဆိုင်သို့
ဝင်ရောက် ရှာဖွေရာ အရက်အတုများဝယ်ယူထားသူ သင်္ဂီစတိုးဆိုင်ပိုင်ရှင်
အောင်ဖြိုးနေလင်း(၄၂)နှစ်အား တွေ့ရှိပြီး ဆိုင်အတွင်းမှ Red Label 1
liter(၁၄)လုံးနှင့် .75 liter(၁၅)လုံး၊ Black Label 1 liter(၁၉)လုံးနှင့် .75 1
liter(၂)လုံး၊ Double Black Label 1 liter(၁၉)လုံး၊ Chivas 1 liter(၆)လုံး၊
DUNFIFE 2 liter(၈)လုံးနှင့် 1 liter(၂၃)လုံး၊ High Commissioner 2
liter(၁)လုံး၊ 1 liter(၆)လုံး၊ .70 liter(၉)လုံး၊ (၈)ပက်ပြား(၇)ပြား၊
(၄)ပက်ပြား (၅)ပြား၊ DUNFIFE(၈)ပက်ပြား(၃၂)ပြား၊(၄)ပက်ပြား (၁၃)ပြား
တို့အား သိမ်းဆည်း ရမိခဲ့ပါသည်။
ပူးပေါင်းအဖွဲ့မှ နေ့လည် ၃ နာရီအချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊
သပြေကုန်းရပ်ကွက်၊ မင်္ဂလာမွန်ဈေးမြေညီထပ်၊ ဆိုင်အမှတ်(၄)သို့
ဝင်ရောက်ရှာဖွေရာ ကိုထွန်းအောင်၏ ဇနီး ဒေါ်စန်းစန်းမော်(၅၉)နှစ်
အားတွေ့ရှိပြီး ဆိုင်အတွင်းမှ အရက်တုများဖြစ်ကြောင်းသိရှိလျက်နှင့်
ဦးတင်ထွန်းထံမှ ၀ယ်ယူထားသည့် High Commissioner တံဆိပ်၊
အရက်ပုလင်း(၆)လုံးပါ ကတ္တူဖာ(၁)ဖာ၊ အရက်ပုလင်း(၁၂)လုံးပါ
ကတ္တူဖာ(၅)ဖာ၊ အရက်ပုလင်း(၁၀)လုံးပါ ကတ္တူဖာ(၁)ဖာ၊ DUNFIFE
တံဆိပ်၊ အရက်ပုလင်း(၁၂)လုံးပါ ကတ္တူဖာ (၆)ဖာ၊ အရက်ပုလင်းပြား(၂၄)
ပြားပါ ကတ္တူဖာ(၁)ဖာတို့အား သိမ်းဆည်းရမိခဲ့ပါသည်။
ပေါ်ပေါက်ချက်များအရ ဆက်လက်သိမ်းဆည်းရမိသည့် အရက်အတုများနှင့်
ရောင်းချသူများအား သက်ဆိုင်ရာ ရဲစခန်းများတွင် အမှုများအသီးသီးရေးဖွင့်
အရေးယူဆောင်ရွက်ခဲ့ပြီး အရက်အတုလုပ်ငန်းတွင် လုပ်ကိုင်သူ
ရဲလင်းအောင်၊ ကျော်သူလွင်၊ ဇော်လင်း၊ နိုင်ဝင်း၊ အောင်ကျော် နှင့်
အရက်ပုလင်းအဟောင်းများ၊ တံဆိပ်၊ ပုလင်းအဖုံးနှင့် အရက်ဖာများပေးပို့ပြီး
အရက်အတု များဝယ်ယူခဲ့သူ မန္တလေးမြို့နေ ဒေါ်မာမာဦးတို့အား
ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
Yangon Police
https://www.facebook.com/yangonpolice
လှိုင်မြို့နယ်တွင် နိုင်ငံခြားဖြစ်အရက်မျိုးစုံ အတုရောင်းချသူများကို ထပ်မံဖော်ထုတ်ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
08:40
Rating:
