ဗုံးပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို နောက်ဆုံးတွင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲ


နိရဉ္စရာ၊ မတ် ၂၉

စစ်တွေမြို့တွင် ချိန်ကိုက် လက်လုပ်မိုင်း သုံးလုံး ပေါက်ကွဲမှု ဆက်စပ် သံသယဖြင့် ဖမ်းဆီးထားသူများအထဲမှ ဦးသန်းရွှေနှင့် ဦးမောင်မြင့်ကြည် တို့ နှစ်ဦးကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁) ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့ မြို့နယ်တရားရုံးတွင် ရဲက စွဲချက်တင်လိုက်သည်ဟု သိရသည်။

သူတို့ နှစ်ဦးကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် တရားရုံးသို့ ယနေ့နံနက် ၁၀ နာရီခန့်က ရုံးထုတ်ခဲ့ပြီး ယင်းသို့ စွဲချက်တင်လိုက်ခြင်းဖြစ်သည်။

“အခုအခြအနေကတော့ ပေါက်ကွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြီးဆုံးသွားခဲ့ပါပြီ။ အခုလက်ရှိကတော့ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ တရားစွဲဆိုထားပါတယ်။ ကျနော်က အဲ့ဒီလို ဖြတ်ကျော်ခဲ့မှုတော့ မရှိခဲ့ပါ။ ဒါပေမယ့် အခြေအနေအရပ်ရပ်ကြောင့် အဲ့ဒီလိုမျိုး ဖြေကြားခဲ့ရတာရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို တရားခွင်မှာ ဖြေရှင်းသွားရမှာပါ”ဟု ဦးသန်းရွှေက တရားရုံးမှ အထွက် တွင် နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ ဖောက်ကွဲမှုဖြစ်စဉ်တွင် ပါဝင်သည်ဟု သံသယဖြင့် ဖမ်းဆီးထားသူတစ်ဦးကို အပြစ် မရှိလျှင် လွတ်ပေးရမည် ဖြစ်ပြီး မလွတ်ဘဲ ထပ်မံပြီး တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲခြင်းအပေါ် မတရားမြင်သည်ဟု ဦးသန်းရွှေက ပြောသည်။

“မရားစွဲချက်တင်မှုနဲ့ ပတ်သက်ပြီးတော့ ဘာတွေ လုပ်ဆောင်သွားရမလဲ စဉ်းစားနေတုန်းပါ။ ဘာတွေ လုပ်ပိုင်ခွင့်ရှိမှာလဲ။ ကျွန်တော်တို့ရဲ့ လုံခြုံမှုအတွက် ဘာတွေရှိမှာလဲ”ဟု ဦးသန်းရွှေက ပြောကြားသွားခဲ့သည်။

ဦးသန်းရွှေကို ဖမ်းဆီးခေါ်ဆောင်သွားစဉ် ၃ လအရွယ်ကလေးနှင့် ဇနီးသည်မှာ အိမ်တွင် ကျန်ခဲ့သည်ဟု သိရသည်။

“ကျမယောက်ျားကပဲ လုပ်ငန်းတွေကို ဦးဆောင်ပြီးတော့ လုပ်ကိုင်ခဲ့တာပါ။ သူအဖမ်းခံရတယ် ဆိုတော့ ကျမက မလုပ်တတ် မကိုင်တတ်နဲ့ လုပ်ငန်းကြံ့ကြာမှုတွေ ဖြစ်ပေါ်နေပါတယ်”ဟု ဦးသန်းရွှေဇနီးက ပြောသည်။

စစ်တွေမြို့ ဗုံးပေါက်ကွဲမှုတွင် ပါဝင်ပတ်သက်သည်ဟု သံသယဖြင့် ခေါ်ယူစစ်ဆေးခံခဲ့ရသူ ၉ ဦးရှိပြီး တစ်ဦးကို ဖမ်းသည့်နေ့တွင်ပင် လွှတ်ပေးခဲ့ကာ၊ ထိုအထဲမှ ဦးမှာ ဦးနိုင်စိုး၊ ဦးမောင်မြင့်ရွှေ၊ ဦးရွှေထွန်းအောင်နှင့် ဦးတင်မြင့်ရွှေတို့ကို မတ်လ ၂၆ ရက်နေ့ ညတွင်လည်းကောင်း၊ ဦးမောင်သိန်းဦးကို ၂၇ ရက်နေ့ နံနက်တွင်လည်းကောင်း စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့် လွှတ်ပေးခဲ့သည်ဟု သိရသည်။

နောက်ထပ်ကျန်ရစ်သူ ၃ ဦးထဲမှ ဦးသန်းရွှေနှင့် ဦးမောင်မြင့်ကြည် တို့ကို တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုဖြင့် စစ်တွေမြို့နယ်တရားရုံးတွင် ယနေ့ စွဲချက်တင်ခဲ့ပြီး၊ ဦးသန်းရွှေကို ဧပြီလ ၅ ရက်နေ့တွင်လည်းကောင်း၊ ဦးမောင်မြင့်ကြည်ကို ဧပြီလ ၁၂ ရက်နေ့တွင် ရုံးထုတ်မည်ဟု သိရသည်။

သူတို့နှစ်ဦးကို ယနေ့ညနေပိုင်းက စစ်တွေအကျဉ်းထောင်သို့ ခေါ်ယူသွားသည်ကို တွေ့ရှိလိုက်ရသည်။

စံမောင်သန်း၊ စစ်တွေ
Narinjara
https://www.facebook.com/Narinjara
ဗုံးပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို နောက်ဆုံးတွင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲ ဗုံးပေါက်ကွဲမှုသံသယဖြင့် ဖမ်းဆီးထားသူနှစ်ဦးကို နောက်ဆုံးတွင် နယ်စပ်ဖြတ်ကျော်မှုဖြင့် တရားစွဲ Reviewed by THITHTOOLWIN on 19:42 Rating: 5
Powered by Blogger.