ပဲခူးမြို့ ရွှေမော်ဓောဆုတောင်းစေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယဘုရားပွဲတော်၌ ဖွင့်လှစ်ထားသည့် လောင်းက စားရုံများကို ပွဲတော်ရက်မပြီးခင် မတ် ၂၉ ရက်မှ စတင်၍ ပြန်လည်ပိတ်သိမ်းခိုင်းထားကြောင်း ရွှေမော်ဓောဘု ရား လုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရှိရသည်။
ရွှေမော်ဓောဘုရားပွဲတော်အား မတ် ၂၄ ရက်မှ ဧပြီ ၇ ရက်အထိ ကျင်းပလျက်ရှိရာ ယခုနှစ်တွင် ဘုရားပွဲတော် ဈေးဆိုင်ခန်းများ၌ မြားပစ်၊ တာယာကွင်းအတွင်းသို့ ဘောလုံးပစ်၊ မဲနှိုက်၊ ဖဲသုံးချပ်လှန်၊ ခွက်မှောက်ခွက်လှန် စသဖြင့် လောင်းကစားနည်းမျိုးစုံပါဝင်သည့် လောင်းကစားရုံ(၁၀)ရုံကျော်ရှိသဖြင့် ဒေသခံများအကြား ဝေဖန်မှု များပြားလာခြင်းကြောင့် ပိတ်သိမ်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ချပေးထားတဲ့ ဈေးဆိုင်ခန်းစာရင်းထဲမှာ စားသောက်ဆိုင်ခန်းအနေနဲ့လျှောက်ထားပြီး အခုတော့လောင်းကစားရုံလုပ်ငန်းတွေဖွင့်လှစ်ကြောင်း သိရတယ်။ ကျွန်တော်တို့အဖွဲ့တွေ တားမြစ်စာထုတ်ထားပြီးပါပြီ။ ဆက်လက်လုပ်ဆောင်ပါက တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမှာပါ။”ဟု ရွှေမော်ဓောဘုရားပွဲ၊ သတင်းနှင့် ပြန်ကြားရေးကော်မတီ ဥက္ကဌ ဦးအောင်ထွန်းက ပြောသည်။
ပဲခူးမြို့၏ အထင်ကရဖြစ်သည့် ရွှေမော်ဓောစေတီတော် ဘုရားပွဲကာလအတွင်း အနယ်နယ်အရပ်ရပ်မှ ဒေသခံ ငါးသောင်းကျော်ခန့် ညစဉ်လာရောက်လည်ပတ်ကြပြီး ဒေသထွက်ပစ္စည်း လာရောက်ရောင်းချသောအဖွဲ့များနှင့် ဇာတ်ရုံကြီး(၄)ရုံ၊ ဗလာဇာတ်(၂)ခု၊ ဈေးဆိုင်ခန်းပေါင်း(၃၀၀)ကျော်၊ စားသောက်ဆိုင်(၅၀)ကျော်ဖြင့် ပျော်ပွဲ ရွှင်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း သိရသည်။
“ဘုရားပွဲမှာ တစ်နှစ်မှ လောင်းကစားရုံတွေ ခွင့်ပြုခဲ့ခြင်းမရှိဘူး။ ဒီနှစ်မှာ ဒီလိုထည့်သွင်းထားတာတော့ မဖြစ် သင့်ဘူး။ ရန်ကုန်၊ လှိုင်သာယာဘက်ကလူမိုက်တွေ လာလုပ်တယ်လို့သိရတယ်။ ပဲခူးရွှေမော်ဓောဘုရားပွဲ တော်သမိုင်းကိုလည်း အကျည်းတန်စေပါတယ်။ ပြည်သူတွေ ပင်ပင်ပန်းပန်းရှာဖွေထားတဲ့ငွေတွေ လောင်းက စားနဲ့ စိတ်ဆင်းရဲသွားတာမဖြစ်စေချင်ဘူး။ နယ်တွေက ဘုရားပွဲလာကြတဲ့သူတွေကို လောင်းကစားဝိုင်းတွေနဲ့ မြူဆွယ်ပြီး ဒုက္ခရောက်အောင်လုပ်နေသလိုပါပဲ။”ဟု ပဲခူးမြို့၊ မဇင်းရပ်ကွက်နေ ကိုသက်လွင်က ပြောသည်။
ဘုရားပွဲတော်ကာလအတွင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဦးဆောင်ကာ အရာရှိ (၁၅)ဦး၊ တပ်ဖွဲ့ဝင်(၁၂၂)ဦး၊ ပေါင်း(၁၃၇)ဦး တို့ဖြင့် လုံခြုံရေးတာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရွှေမော်ဓောဘုရားဝန်းအတွင်း ယာယီဗဟိုကင်းနှင့် ရွှေမော် ဓောစေတီခြေရင်း ရှေ့၊ နောက်၊ တောင်၊ မြောက်မုဒ်ဦးများ၊ ရင်ပြင်တော်နှင့် ဘုရားပွဲခင်းများတွင် စောင့်ကြည့် မည့် အဖွဲ့များထားရှိထားကြောင်း သိရသည်။
ရတနာပုံ သတင်းစာ
https://www.facebook.com/yadanabonnewspaper
ပဲခူး၊ ရွှေမော်ဓောဘုရားပွဲတွင် ဖွင့်လှစ်ထားသည့် လောင်းကစားရုံများ ပိတ်သိမ်း
Reviewed by THITHTOOLWIN
on
17:35
Rating:
