ပညာရေးဝန်ကြီးဌာနနဲ့ BACI မြန်မာ-ကန်လူမှုအဖွဲ့အစည်း စာချွန်လွှာလက်မှတ်ထိုး (ဓါတ်ပုံ- MOI) |
ဒီအကြောင်း အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေအပေါ်မှာဘဲ နိုင်ငံတကာက အခုနောက်ပိုင်း အာရုံစိုက် ပြောဆိုမှုတွေ ရှိနေတဲ့ အချိန်မှာဘဲ မြန်မာနိုင်ငံက ကျောင်းသား၊ ကျောင်းသူတွေ နိုင်ငံခြားမှာ ပညာသွားသင်နိုင်ရေးအတွက် အခွင့်အလန်း တခု ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
အဲဒါကတော့ မြန်မာ လူငယ်တွေ မဟာဘွဲ့နဲ့ Ph. D. ဒေါက်တာဘွဲ့တွေအတွက် အမေရိကန်ပြည်ထောင်စုမှာ သွားရောက် ပညာ သင်ကြားနိုင်ရေးအတွက် ဒီကနေ့ မြန်မာအစိုးရ ပညာရေးဝန်ကြီးဌာနနဲ့ အမေရိကန်အခြေစိုက် BACI မြန်မာ-အမေရိကန်လူမှုရေးအသင်းတို့ အကြား သမိုင်းဝင် MoU နားလည်မှု စာချွန်လွှာ လက်မှတ်ရေးလိုက်ခြင်းဘဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ထူးချွန်တဲ့ ကျောင်းသားတွေကို ရွေးချယ်ပြီး အုပ်ချုပ်ရေး၊ စီးပွားရေး စတဲ့ ဘာသာရပ်တွေ သင်ကြားနိုင်ရေးအတွက် စေလွတ်ဖို့ စီစဉ်ထားကြောင်း ပညာရေးဝန်ကြီးကိုယ်စား ဒီကနေ့ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်တဲ့ ပညာရေးဝန်ကြီးဌာန ယာယီ ညွန်ကြားရေးမှူးချုပ် ဒေါက်တာ စိုင်းကျော်နိုင်ဦးက ပြောပါတယ်။
"အဲ့တော့ ကျွန်တော်တို့ဒီ လူငယ်လူရွယ်တွေကို ပထမဆုံး ကျွန်တော်ဒီမြန်မာနိုင်ငံမှာပဲ ကျွန်တော်တို့ ပထမရွေးချယ်မှု ကျွန်တော်တို့လုပ်ပါ မယ်။ လုပ်ပြီးတော့မှ ကျွန်တော်တို့က အမေရိကန်နိုင်ငံမှာရှိတဲ့ တက္ကသိုလ်တွေကို စေလွှတ်ဖို့စီစဉ်ထားလျက် ရှိပါတယ်။ အဲ့ဒီနေရာမှာပဲ ကျွန်တော်တို့ ဒီအမေရိကန်မှာရှိတဲ့ University တွေ နောက်ဒီနေ့ လက်မှတ်ရေးထိုးတဲ့ BACI အေဂျင်စီတွေနဲ့ ကျွန်တော်တို့ ပညာရေးဝန်ကြီး ဌာနတွေနဲ့ တိကျတဲ့ Detail ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့လည်း ရှိပါသေးတယ်။ လုပ်ပြီးတော့မှ ကျွန်တော်တို့က မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ Public ပေါ်လစီလို ဘာသာရပ်မျိုးတွေ နောက် Economic ဘာသာတွေ အင်ဂျင်နီယာဘာသာရပ်တွေ နောက် Water Management ဘာသာရပ်မျိုးတွေ နောက် environmental ဘာသာရပ်မျိုးတွေကို ကျွန်တော်တို့တွေက Master Degree တွေကော PH.D Degree တွေကော စေလွှတ်ဖို့ ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်လျက် ရှိပါတယ်ခင်ဗျ။"
မြန်မာအစိုးရက ထူးချွန်သူတွေကို ရွေးချယ်ပြီး ပညာတော်သင်အဖြစ် အရင်ကလည်း နိုင်ငံခြားကို အကြိမ်ကြိမ် စေလွတ်ခဲ့ဘူးပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့ လက်မှတ်ရေးထိုးလိုက်တဲ့ နားလည်မှုစာချွန်လွှာဟာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ပညာသင် စေလွတ်ရေးအတွက် ပထမဆုံးအကြိမ် လက်မှတ်ရေးထိုးခြင်း ဖြစ်ပြီး ကျောင်းသား အရေအတွက်လည်း အများအပြားနဲ့ ပထမဆုံး စေလွှတ်နိုင်မယ့် အစီအစဉ် ဖြစ်ပါတယ်။
ဒီကနေ့ ကျင်းပတဲ့ လက်မှတ်ရေးထိုးပွဲကို ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိန်းကြီးနဲ့ BACI အဖွဲ့က အမှုဆောင်ညွန်ကြားရေးမှူး Elaisa Vahnie တို့အပြင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel နဲ့ ပညာရေးဝန်ကြီးဌာနက အရာရှိတွေ၊ ရန်ကုန်တက္ကသိုလ်က ပါမောက္ခတွေပါ တက်ရောက်ခဲ့ကြတာပါ။
အခုလို နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေးအတွက် ၄ နှစ်လောက် ကြိုးစားခဲ့ရပေမယ့်လည်း မြန်မာနိုင်ငံအတွက် ပညာတတ်တွေ မွေးထုတ်ပေးနိုင်မှာ ဖြစ်တာကြောင့် အခုချိန်မှာ အောင်မြင်စွာ လက်မှတ် ရေးထိုးလိုက်နိုင်တဲ့အတွက် ၀မ်းသာမိကြောင်း BACI အဖွဲ့က အမှုဆောင် ညွန်ကြားရေးမှူး Elaisa Vahnie က ပြောပါတယ်။
"ဒီဟာတကယ့်ကို အရမ်းကောင်းတဲ့အရာဖြစ်တယ်။ ဒီမှာဝန်ကြီးပြောသွားသလိုပါပဲ။ ဒီဟာကဒီကျွန်တော်တို့ မြန်မာနိုင်ငံမှာ အရမ်းလိုအပ်တဲ့ ဟာက ပညာရေး ပညာရေးက ပညာတတ်တွေဖော်ထုတ်နိုင်မှ ကျွန်တော်တို့ တကယ့် နိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်စရာတွေ ထွက်လာ မယ်။ တကယ့်ဖွံ့ဖြိုးတိုးတက်ရေး တကယ့်ဒီမိုကရေစီလည်း ပေါ်လာမယ်။ ဆိုတော့ ဒီဟာက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ Ministry Of Education ကနေ ဘယ်လောက်အထိ အဲ့ဒါကိုအရေးထားပြီးတော့မှ လုပ်ကိုင်နေသလည်းဆိုတာ ပြတ်သားတဲ့ဟာ တခုလည်းဖြစ်တယ်။ အဲ့အတွက်ကြောင့်လည်း ကျွန်တော်အရမ်းဝမ်းသာတယ်။ သူတို့လက်တွဲပြီးမှ ဆက်လုပ်ဖို့ ကိစ္စတွေလည်းဖြစ်တယ်။"
ဒီနားလည်မှု စာချွန်လွှာအရ မြန်မာကျောင်းသားတွေ အမေရိကန်ပြည်ထောင်စုမှာ ပညာသင်ကြားခွင့် ရကြမှာ ဖြစ်တဲ့အတွက် သူ့အနေနဲ့ ၀မ်းသာမိကြောင်း လက်မှတ်ထိုးပွဲမှာ တက်ရောက် အမှာစကားပြောကြားခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel က ပြောပါတယ်။
"ဒါဟာ အခွင့်အလန်းကောင်းတခုလို့ ကျနော် ထင်ပါတယ်။ ကျနော်တို့ အားလုံးကလည်း ပညာရေး၊ ပညာရေးနဲ့ဆိုင်တဲ့ အခွင့်အလန်းတွေ ဖန်တီးပေးရေးအတွက် စိတ်ဝင်တစား ရှိကြပါတယ်။ ပညာရေးဝန်ကြီးဌာနနဲ့ BACI အဖွဲ့တို့ရဲ့ ပံ့ပိုးပေးမှုတွေ မြန်မာ နိုင်ငံသားတွေ အမေရိကန်ပြည်ထောင်စုကိုသွားပြီး မဟာဘွဲ့နဲ့ Ph. D. ဒေါက်တာဘွဲ့တွေ သင်ကြားနိုင်ရေးအတွက် ဒီ နားလည်မှု စာချွန်လွှာက အခွင့်အလန်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကျနော်တို့ အင်မတန် စိတ်အား ထက်သန်မိပါတယ်။"
နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပြီးပြီ ဆိုပေမယ့် ပညာသင်စေလွတ်ရေးအတွက် အသေးစိတ် အချက်အလက်တွေ ထပ်မံ ဆွေးနွေးဖို့ ကျန်ရှိနေသေးကြောင်း ပညာရေးဝန်ကြီးဌာနနဲ့ BACI က တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့် ပညာတော်သင် စေလွတ်မယ့် အစီအစဉ်ကို အတတ်နိုင်ဆုံး၊ အမြန်ဆုံး အကောင်အထည် ဖော်လိုကြောင်း နှစ်ဘက်စလုံးက ပြောပါတယ်။
ပညာတော်သင်အဖြစ် ရွေးချယ်ခံရတဲ့ ကျောင်းသားတွေအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ သင့်တော်ရာ တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် ရကြမှာ ဖြစ်ပါတယ် ခင်ဗျား။
ကိုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကန်ပညာသင်စေလွှတ်ရေး ပညာရေးဝန်ကြီးဌာနနဲ့ မြန်မာ-ကန်လူမှုအဖွဲ့အစည်း စာချွန်လွှာလက်မှတ်ထိုး
Reviewed by THITHTOOLWIN
on
10:39
Rating: