ရိုဟင်ဂျာတွေအပေါ် ကာချုပ် ပြောဆိုချက် တုန်လှုပ်မိကြောင်း ကုလအကြီးအကဲပြော

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres ကို တွေ့ရစဉ်
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ မွတ်စလင်တွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား လူမျိုးစုဝင်တွေ မဟုတ်ဘူး ဆိုတဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တုန်လှုပ်မိ ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ပြောပါတယ်။

တနင်္လာနေ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကချင်ပြည်နယ်က တပ်တွင်းတွေ့ဆုံပွဲတစ်ခုမှာ ဘင်္ဂလီတွေဟာ နိုင်ငံခြားသားတွေဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသားလူမျိုးစုတွေနဲ့ သွင်ပြင်လက္ခဏာချင်းရော၊ ယဉ်ကျေးမှု အရပါ မတူကွဲပြားကြကြောင်း၊ ဘင်္ဂလီတွေ နိုင်ငံသားတောင်းတဲ့အတွက် မငြိမ်မသက်တွေ ဖြစ်လာခဲ့ရတယ်လို့ ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ဒါကာထရီဗြွန်း သတင်းစာက ဖော်ပြခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အဲဒီ မှတ်ချက်စကားအပေါ် တုန်လှုပ်မိကြောင်း ကုလ အထွေထွေအတွင်းရေးမှူးချုပ်က ပြောပါတယ်။

ဒါ့ပြင် ရိုဟင်ဂျာတွေရဲ့  ဆင်းရဲဒုက္ခကို နိုင်ငံတကာသိအောင် မီးမောင်းထိုးပြနိုင်ရေးအတွက် မြန်မာနိုင်ငံကို အထူးကိုယ်စားလှယ်တစ်ဦး စေလွှတ်နိုင်ဖို့ ကုလ အထွေထွေအတွင်းရေးမှူးချုပ်က ကြိုးပမ်းနေတာ လပေါင်း အတော်ကြာခဲ့ပြီလို့ AFP သတင်းက ဖေါ်ပြပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း ရခိုင်ပြည်နယ် ပြဿနာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံကို လာရောက်ပြီး၊ ကနဦး လေ့လာကြည့်ရှုဖို့ မျှော်လင့်ထားပေမယ့် မြန်မာအာဏာပိုင်တွေဘက်က ခွင့်ပြုချက်မရသေးပါဘူး။

RFA Burmese
https://www.rfa.org/burmese

ရိုဟင်ဂျာတွေအပေါ် ကာချုပ် ပြောဆိုချက် တုန်လှုပ်မိကြောင်း ကုလအကြီးအကဲပြော ရိုဟင်ဂျာတွေအပေါ် ကာချုပ် ပြောဆိုချက် တုန်လှုပ်မိကြောင်း ကုလအကြီးအကဲပြော Reviewed by THITHTOOLWIN on 03:46 Rating: 5
Powered by Blogger.