ရန်ကုန်၊ မတ် ၃၀။
ထိုင်းနိုင်ငံတွင် တရားဝင်သွားရောက်အလုပ် လုပ်ကိုင်ရန်မြန်မာလုပ်သားများ တင်ဆောင်လာသည့်မှန်လုံကား မတ်လ၃၀ရက်၊ နံနက်ပိုင်းတွင် မဲဆောက်မြို့အလွန် တောင်ပေါ်မှလမ်းအဆင်းတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သဖြင့် မြန်မာလုပ်သား၂၀ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအရာရှိရုံးမှ သိရသည်။
အဆိုပါကားပေါ်တွင် မြန်မာအလုပ်သမား ၄၇ ဦးပါရှိကြောင်းနှင့် မြန်မာအေဂျင်စီ Stars Pioneer Co.,Ltd က တဆင့် ထိုင်းနိုင်ငံ၌် အလုပ်လုပ်ကိုင်ရန် မှန်လုံကားကြီး မော်တော်ယာဉ်နံပါတ် IO-3824 ဖြင့် တင်ဆောင်လာခြင်းဖြစ်ကာ မဲဆောက်မြို့အလွန် တောင်ပေါ်လမ်းအဆင်းတွင် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
''သေဆုံးတဲ့သူတွေထဲမှာ ကျား၂ဦး၊ မ ၁၈ဦး ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူက ၃ဦးရှိပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေကို တာ့ခ်ခရိုင်ဆေးရုံကြီး အရေးပေါ်မှာ ပို့ဆာင်ထားပါတယ် မီးလောင်တဲ့ အကြောင်းအရင်း အသေးစိတ်ကိုတော့ စစ်ဆေးတုန်းပါ။ထပ်မံပြီးတော့ သတင်းထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်''ဟု မြန်မာအလုပ်သမား သံအရာရှိဦးနိုင် ဦးမင်းသူက ပြောသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မဲဆောက်မြို့ရှိ အလုပ်သမားသံအရာရှိ၊ စခန်းတာဝန်ခံနှင့် အလုပ်သမားပို့ဆာင်ခဲ့သည့် မြန်မာအေဂျင်စီမှ တာဝန်ရှိသူများ လိုက်ပါဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
'' ကျွန်တော်တို့ ကြားတာကတော့ ယာဉ်မောင်းထွက်ဆိုချက်မှာ ခရီးသည် ဆေးလိပ်သောက်လို့ဆိုပြီး ပြောတယ်။ ထိုင်းရဲ တွေတော့ စစ်ဆေးနေတုန်း အတိအကျတော့ မသိသေးဘူး''ဟု ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအရေးဆောင်ရွက်သူ ကိုစောမောင်က ပြောသည်။
ဓာတ်ပုံ-မြန်မာသံရုံး
ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ထိုင်းနိုင်ငံအတွင်း မြန်မာအလုပ်သမားများ တင်ဆောင်လာသည့် မှန်လုံကား မီးလောင်သဖြင့် ၂၀ဦးသေဆုံး
Reviewed by THITHTOOLWIN
on
11:55
Rating:
