ဖိလစ်ပိုင်နိုင်ငံမှာ ဗုံးခွဲတိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲတာတွေလုပ်နေတဲ့ အဘူဆာယစ်အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ဟာ အစိုးရဆီမှာ လက်နက်ချလိုက်ပြီလို့ ဖိလစ်ပိုင်ကာကွယ်ရေးဦးစီးချုပ်က ဒီကနေ့ပြောကြားလိုက်ပါတယ်။ ဒါဟာ နိုင်ငံတွင်းက အရေးပါတဲ့ စစ်သွေးကြွအဖွဲ့ရဲ့ အပြီးသတ်ပြိုလဲမှုအဖြစ်လည်း မျှော်လင့်နိုင်တယ်လို့ ဆိုပါတယ်။
အဘူဆာယစ်စစ်သွေးကြွအဖွဲ့ခေါင်းဆောင် ‘နူဟတ်ဆန် ဂျမ်မရီ’ ဟာ သူ့တပ်သား ၁၃ ယောက်နဲ့အတူ ဖိလစ်ပိုင်တောင်ပိုင်း ဘာစီလန်ခရိုင်စစ်တပ်မှာ လက်နက်ချခဲ့တာဖြစ်ပါတယ်။ သူတို့ဟာ ရိုင်ဖယ် ၁၀ လက်နဲ့ ခဲယမ်းမီးကျောက်တွေကိုလည်းအပ်နှံခဲ့ပြီး လောလောဆယ်မှာ စစ်ဆေးမေးမြန်းခံနေရတယ်လို့ အစိုးရစစ်အရာရှိတွေက ပြောပါတယ်။
အာဏာပိုင်တွေနဲ့ ညှိနှိုင်းဖို့ရောက်လာတဲ့ ‘နူဟတ်ဆန် ဂျမ်မရီ’ ဟာ အဘူဆာယစ်စစ်သွေးကြွအဖွဲ့ရဲ့ အပြီးတိုင်ဖျက်သိမ်းမှုကိုပါ သယ်ဆောင်လာတာဖြစ်တယ်လို့ မျှော်လင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ဒယ်လ်ဖင်လိုရမ်ဇာနာ Delfin Lorenzana က ပြောပါတယ်။
၁၉၈၀ ခုနှစ်လောက်ကတည်းကပေါ်ထွက်လာတဲ့ မွတ်စလင်ခွဲထွက်ရေးသူပုန်အဖွဲ့ဖြစ်တဲ့ အဘူဆာရက်အဖွဲ့ရဲ့ခေါင်းဆောင်တွေဟာ အစိုးရတပ်နဲ့တိုက်ပွဲတွေမှာကျဆုံးခဲ့ပြီးတဲ့နောက် အဖွဲ့ဟာလည်း ရာဇဝတ်မှုတွေလုပ်တဲ့ အကြမ်းဖက်အဖွဲ့အဖြစ် ရောက်ရှိသွားတာဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဖိလစ်ပိုင်နိုင်ငံက အဘူဆာရက်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်စာရင်းသွင်းထားတာဖြစ်ပါတယ်။
RFA Burmese
https://www.facebook.com/rfaburmese/
အဘူဆာယစ်အဖွဲ့ လက်နက်ချလိုက်ပြီလို့ ဖိလစ်ပိုင်ကာချုပ်ပြောကြား
Reviewed by THITHTOOLWIN
on
21:34
Rating:
