ကင်ဆာရောဂါနေ့ အထိမ်းအမှတ်တံဆိပ်။ |
ကင်ဆာရောဂါလက္ခဏာရှာဖွေတာနဲ့ ကုသတဲ့ လုပ်ငန်းအများအပြားကို အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကောက်ယူထားတဲ့ စာရင်းတွေအရ ဒီရောဂါဟာ ကြောက်မက်ဖွယ်အဆင့်မှာ ဆက်ပြီး ရှိနေဆဲပါပဲ။ ကမ္ဘာမှာ ဒုတိယမြောက် အသေ အပျောက် အများဆုံး ရောဂါဟာ ကင်ဆာဖြစ်ပြီး နှစ်စဉ် ရောဂါဖြစ်သူပေါင်း ၁၄ သန်း ဝန်းကျင်မှာ လူ ၉ သန်းနီးပါး သေဆုံးနေကြပါတယ်။
အဖြစ်များဆုံး ကင်ဆာတွေကတော့ အဆုတ်၊ အသည်း၊ အူမကြီး၊ အစာအိမ်နဲ့ ရင်သား ကင်ဆာတွေ ဖြစ်ကြပါတယ်။ ဆေးလိပ်သောက်သူတွေ မှာ အဖြစ်အများဆုံးဖြစ်ပြီး အရက်သောက်သုံးမှုက ဒုတိယနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့ စားသောက်မှုပုံစံနဲ့ ကျန်းမာရေး ကိုယ်လက် လှုပ်ရှားလုပ်လေ့မရှိသူတွေမှာလည်း ကင်ဆာဖြစ်တတ်ကြောင်း WHO က အစီရင်စာ ထုတ်ပြန်ထားပါတယ်။
ကင်ဆာနဲ့သေဆုံးသူ ၇၀ % ဝန်းကျငဟာ ဝင်ငွေနိမ့်ကျသူ ၊ ဝင်ငွေအလယ်အလတ်သာ ရှိသူတွေဖြစ်ကြပြီး ဒီအရေအတွက်ရှိတဲ့ တိုင်းပြည်မျိုး တွေမှာ ကင်ဆာဖြစ်နှုန်းတိုးနေတာ ဟာ သိပ်မြန်ပြီး စိုးရိမ်စရာအခြေအနေဖြစ်နေကြောင်း WHO ရဲ့ ကင်ဆာထိန်းချုပ်ရေး အရာရှိ Andre Ilbawi က ပြောပါတယ်။
သူက ကင်ဆာရောဂါဖြစ်နေတဲ့ စိုးရိမ်စရာအခြေအနေကို သဘောတူပေမယ့် အဆင်းရဲဆုံး တိုင်းပြည်တွေမှာ ကင်ဆာရောဂါကို ရိုးရိုးရှင်းရှင်းနဲ့ ရင်ဆိုင်ဖြေရှင်းနိုင်ကြောင်း ဗွီအိုအေကို ပြောပါတယ်။
“ပထမဆုံးနဲ့ အဓိကအကျဆုံးကတော့ ကင်ဆာဖြစ်နေပြီဆိုတာကို စောစောစီးစီးသိရဖို့ပါပဲ။ ဝင်ငွေနိမ့်တဲ့တိုင်းပြည်တွေမှာ ကုသမှုကို အဟန့် အတားဖြစ်ကောင်းဖြစ်နိုင်တဲ့ တိုးတက် တဲ့ နည်းပညာတွေအကြောင်းနဲ့ ဈေးနှုန်းကြီးလွန်းတဲ့ဆေးတွေအကြောင်း ပြောနေတာ ထက် အဲဒါက ပိုပြီးအရေးကြီးပါတယ်။ ကင်ဆာဖြစ်နေပြီဆိုတာ စောစောစီးစီးသိအောင် လုပ်နိုင်တာက ကုသရေးအတွက် အထိရောက်ဆုံးဖြစ်ပြီး အဲဒီလို လူတွေအတွက် အခြေခံ ကုသမှုစရိတ်ကို လှူကြမယ်ဆိုရင် အနိမ့်ဆုံးအရင်းအမြစ်တွေလောက်ပဲ ရှိရင်တောင်မှာ ကင်ဆာလူနာတွေ အများအပြားကို ကယ်တင်နိုင်ပါတယ်။”
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ လုပ်ပေးရမယ့် အရေးကြီးကိစ္စတွေကတော့ လူမှုအသိုင်းအဝိုင်းက ကောင်းကောင်းသဘောပေါက်လာအောင်လုပ်ပေးဖို့ အပါအဝင် ကင်ဆာအကြောင်းတွေ ပိုပြီးသိလာအောင် လုပ်ပေးဖို့၊ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကတဆင့် ကင်ဆာ ဖြစ်နေတယ် ဆိုတာကို စောစောသိရဖို့နဲ့ ဈေးသက်သက်သာသာနဲ့ ကုသနိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ဆိုတာတွေဖြစ်ကြောင်း Ilbawi က ပြောပါတယ်။
ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်နည်းက အရေးကြီးကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ WHO ကလည်း ပြောကြားခဲ့ပါတယ်။
သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ များများစားပေးဖို့၊ လေ့ကျင့်ခန်းပုံမှန်လုပ်ဖို့၊ ဆေးလိပ်မသောက်ဖို့နဲ့ အရက်သောက်သုံးမှုကို အတန်အသင့်လျှော့ချနိုင်မယ်ဆိုရင် ကင်ဆာနဲ့ သေဆုံးမှုတွေကို သုံးပုံတပုံအထိ လျှော့ချနိုင်မှာဖြစ်ကြောင်း WHO အဖွဲ့ကြီးက အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။
ကင်ဆာရောဂါအကြောင်း လူတွေပိုသတိပြုမိလာစေပြီး ကာကွယ်၊ စမ်းသပ်၊ ကုသတာတွေ လုပ်ဖို့ လူတွေကို အားပေးတိုက်တွန်းရေး ရည်ရွယ်ချက်နဲ့ နှစ်စဉ် ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ကမ္ဘာလုံးဆိုင်ရာ ကင်ဆာရောဂါနေ့အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
မခွာညို / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com
ကင်ဆာရောဂါကင်းဝေးရေး ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်ဖို့ WHO တိုက်တွန်း
Reviewed by THITHTOOLWIN
on
10:17
Rating: