NCA လက်မှတ်ရေးထိုးရတဲ့အကြောင်းရင်း မွန်ပြည်သစ် ရှင်းလင်း

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးမယ့်ကိစ္စ ရှင်းလင်းပွဲကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ဝ ရက်နေ့က မော်လမြိုင်မြို့ နိုင်ရွှေကျင် စာကြည့်တိုက်မှာ ပြုလုပ်စဉ်/ Photo: Minmin Nwe - facebook
နိုင်ငံရေးဆွေးနွေးပွဲစကားဝိုင်းကို တက်ရောက်လိုတာကြောင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA မှာ လက်မှတ်ထိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီက ဒီနေ့ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်က မွန်တိုင်းရင်းသားတွေနဲ့ အသင်းအဖွဲ့တချို့ကို တွေ့ဆုံရှင်းပြခဲ့ပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ လက်မှတ်ရေးထိုးပြီးရင် အကျယ်တဝင့်လိုက်လံရှင်းပြဖို့ စီစဉ်ဆောင်ရွက် သွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဗဟိုကော်မတီဝင် နိုင်ဝင်းလှက ပြောပါတယ်။

"လေးနေရာ၊ ငါးနေရာလောက်ပဲ နီးစပ်ရာ လူထုတွေနဲ့ အသင်းအဖွဲ့တွေကို တက်နိုင်သလောက် ရှင်းလင်း တင်ပြတဲ့ သဘောပါ။ နည်းနည်းနဲ့ ကျဉ်းကျဉ်းပဲလေ ကျနော်တို့ ရှင်းလင်းတင်ပြတယ်။ အကျယ်ကတော့ နောက် ကျတော်တို့ NCA ထိုးပြီးမှပဲ ဖြစ်တော့မယ်"

ပြီးခဲ့တဲ့ သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က NCA လက်မှတ်ထိုးဖို့ ကျန်ခဲ့တဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့ ဝင်တွေဟာ လက်ရှိမှာငြိမ်းချမ်းရေးကို NCA လမ်းကြောင်းအတိုင်း လုပ်ဆောင်မှာ မဟုတ်ကြောင်း ကြေညာထား ပြီးဖြစ်တဲ့အတွက် အဲဒီအဖွဲ့တွေကို ဆက်လက်မစောင့်ဆိုင်းတော့ဘဲ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ်။

လက်မှတ်ရေးထိုးပြီးတဲ့အခါ UNFC အဖွဲ့ဝင်အဖြစ်ကနေ နုတ်ထွက်ရမယ်ဆိုပြီး UNFC မှာ တရားဝင် စည်းကမ်း သတ်မှတ်ချက် မရှိကြောင်းနဲ့ ရှေ့ဆက်အတူတကွ ဆောင်ရွက်နိုင်ရေးအတွက် လတ်တလော ဆွေးနွေးတိုင်ပင်နေ ကြတယ်လို့ ပြောပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် UNFC နဲ့ အစိုးရကြား ဆွေးနွေးနေတဲ့ အချက် ၈ ချက်မှာ သဘောထားကွဲလွဲနေတဲ့ စကားလုံးအထားအသိုကိစ္စတွေကို နိုင်ငံရေးဆွေးနွေးပွဲ စကားဝိုင်းရောက်မှ ဆက်လက်ဆွေးနွေးနိုင်တာကြောင့် မွန်ုပြည်သစ်ပါတီအနေနဲ့ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။

လာမယ့် ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ နေပြည်တော်က MICC II မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူဒီမိုကရက်တစ် ပါတီတို့ရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးသွားမှာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org/burmese
NCA လက်မှတ်ရေးထိုးရတဲ့အကြောင်းရင်း မွန်ပြည်သစ် ရှင်းလင်း NCA လက်မှတ်ရေးထိုးရတဲ့အကြောင်းရင်း မွန်ပြည်သစ် ရှင်းလင်း Reviewed by THITHTOOLWIN on 19:53 Rating: 5
Powered by Blogger.