KIA လက်နက်ကိုင်အဖွဲ့က နယ်မြေလုံခြုံရေးစခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက်


နေပြည်တော် ဖေဖော်ဝါရီ ၃

KIA လက်နက်ကိုင်အဖွဲ့က ဇန်နဝါရီ ၃၁ ရက်နှင့် ယနေ့တို့တွင် ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးကောင်းမြို့နယ်အတွင်းရှိ တပ်ဌာနချုပ်များနှင့် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော် စခန်းများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

ဇန်နဝါရီ ၃၁ ရက် ည ၁၁ နာရီခွဲခန့်တွင် မိုးကောင်းမြို့ရှိ တပ်ဌာနချုပ်အား KIA လက်နက်ကိုင်အဖွဲ့က တပ်ဌာနချုပ်၏ အနောက်ဘက်မီတာ ၂၃၀၀ ခန့်အကွာမှ လက်နက်ကြီးဖြင့် လာရောက်နှောင့်ယှက် ပစ်ခတ်ခဲ့ကြောင်း၊ ဖြစ်စဉ်တွင် လူနှင့် အဆောက်အအုံများ ထိခိုက်ပျက်စီးမှုမရှိဘဲ တပ်ဌာနချုပ်၏ အနောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိ လယ်ကွင်းအတွင်း၌ ပေါက်ကွဲမှုမရှိသေးသည့် ၁၀၇ မမ ဒုံးသီး တစ်လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း (ယာပုံ)၊ ယနေ့နံနက် ၃ နာရီခွဲခန့်တွင် မိုးကောင်းမြို့ ရှိ တပ်ရင်းဌာနချုပ်အား KIA လက်နက်ကိုင်အဖွဲ့ အင်အား ၁၅ ဦးခန့်က တပ်ရင်းဌာနချုပ်၏ အရှေ့မြောက်ဘက် မီတာ ၅၀၀၀ အကွာမှ လက်နက်ကြီးများဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ တပ်ရင်းဌာန ချုပ်၏ တောင်ဘက် မီတာ ၁၀၀၀ ခန့်အကွာ နေရာ၌ ကျည်ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။


ထို့ပြင် ယနေ့နံနက် ၃ နာရီခွဲတွင် မိုးကောင်းမြို့နယ် လွယ်လိယန်ကျေးရွာအုပ်စု မရန်ကထောင်ကျေးရွာရှိ နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား KIA လက်နက်ကိုင်အဖွဲ့ အင်အား ၆၀ ခန့်က စခန်း၏ အရှေ့ဘက်မီတာ ၁၀၀ ခန့် အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လည်းကောင်း၊ ယနေ့နံနက် ၄ နာရီ မိနစ် ၅၀ တွင် မြစ်ကြီးနားမြို့နယ် နန်းကွေ့ကျေးရွာ အုပ်စု နန်ကျင်ကျေးရွာရှိ နယ်မြေ လုံခြုံရေးဆောင်ရွက်နေသည့် တပ်စခန်းအား KIA လက်နက်ကိုင်အဖွဲ့ အင်အား ၅၀ ခန့်က စခန်း၏ အနောက်ဘက်၊ အနောက်မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဖြစ်စဉ် များတွင် စစ်သည်အချို့ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar
KIA လက်နက်ကိုင်အဖွဲ့က နယ်မြေလုံခြုံရေးစခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် KIA လက်နက်ကိုင်အဖွဲ့က နယ်မြေလုံခြုံရေးစခန်းများအား လာရောက်နှောင့်ယှက်ပစ်ခတ်တိုက်ခိုက် Reviewed by THITHTOOLWIN on 09:21 Rating: 5
Powered by Blogger.