ရန်ကုန်တိုင်း၌ လုပ်ဆောင်မည့် စီမံကိန်းများကို လွှတ်တော်တွင် ရှင်းလင်းတင်ပြမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
ရန်ကုန်- ဖေဖေါ်ဝါရီ ၃။
လက်ရှိ အစိုးရသစ်တာဝန်ယူရန် ကျန်ရှိသည့် သက်တမ်း သုံးနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ လုပ်ဆောင်မည့် စီမံကိန်းများကို ယခုကျင်းပနေသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ပြမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးသိန်းက ဖေဖေါ်ဝါရီ ၃ရက် တွင် ပြုလုပ်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းဒေသကြီး အဋ္ဌမအကြိမ် တိုင်း၊ခရိုင်၊မြို့နယ်စုံညီတွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။
အဆိုပါ စီမံကိန်းများမှာ ယခင်အစိုးရလက်ထက်က ရေးဆွဲခဲ့သည့် စီမံကိန်းများကို ပြန်လည်သုံးသပ် ပြုပြင်ပြီး ရေးဆွဲထားခြင်းဖြစ်ကာ လာမည့် မတ်လတွင် ပြုလုပ်မည့် လွှတ်တော်ပုံမှန်အစည်းအဝေးတွင် တင်ပြမည် ဖြစ်ကြောင်း သိရပါတယ်။
''၂၀၄၀ အထိ ရန်ကုန်တိုင်းအတွက် ရေးဆွဲထားတဲ့ စီမံကိန်းတွေ ရှိပါတယ်၊ဒီစီမံကိန်းတွေ ကို JICA နဲ့ စည်ပင်သာယာရေးကော်မတီ၊သက်ဆိုင်ရာဝန်ကြီးဌာနတွေပေါင်းစပ်ရေးဆွဲထားတာ ရှိပါတယ်။ ဒါကို ပြန်လည် REVIEW ပြန်လုပ်ထားတာကို လွှတ်တော်မှာ ရှင်းလင်းမှာပါ။ စီမံကိန်းအသစ်မဟုတ်ပါဘူး ''ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက မီဒီယာများကို ပြောကြားခဲ့သည်။
ယင်း စီမံကိန်း ပြုလုပ်မည့် ကိစ္စရပ်များ ကို ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင်သာမက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှိ ပါတီဝင်များ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မြို့နယ် အသီးသီးတွင် လူထု တွေ့ဆုံပွဲများ ပြုလုပ်၍ လည်းကောင်း ပြည်သူများ အား ရှင်းလင်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။
''တိုင်းဒေသကြီးအစိုးရ အနေနဲ့ စီမံကိန်း တွေ ကို ဒီသုံးနှစ် အတွင်းမှာ စနစ်တကျ ဆောင်ရွက်ရတော့မှာ ဖြစ်တယ် စီမံကိန်း တွေကို လေ့လာစမ်းစစ်တယ်ဆိုကတည်းက သတင်းက ဖြစ်တာ ဖြစ်ပါတယ်။ဆောင်ရွက်သင့်တယ်မသင့်ဘူးဆိုတာတွေကို ရုပ်ပိုင်းဆိုင်ရာ စမ်းစစ်မှုတွေ လုပ်ရတာ ဖြစ်ပါတယ် ဒီလိုလေ့လာစမ်းစစ်မယ့်အခြေနေ ပြု ပြီးဖြစ်တဲ့ အတွက် ပါတီရဲ့ မြို့နယ် အဆင့်ရပ်ကျေးအဆင့်တွေသိသလို ပြည်သူတွေလည်း သိရမှာ ဖြစ်ပါတယ်''ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
ထို့ပြင် စီမံကိန်းများ လုပ်ဆောင်မှု တွင် နိုင်ငံတော်ဘက်ဂျက် ဖြင့် လုပ်ဆောင်မည့် စီမံကိန်းများ ရှိသကဲ့သို့ ပြင်ပုဂ္ဂလိက ကဏ္ဍဖြင့် လုပ်ဆောင်မည့် တိုင်းဒေသကြီး၏ ဒေသန္တရ စီမံကိန်းများ လည်း ရှိကြောင်း သိရသည်။
ဟံသာဟိန်း
Central News Myanmar
https://www.facebook.com/CNMyanmar
ရန်ကုန်တိုင်း၌ လုပ်ဆောင်မည့် စီမံကိန်းများကို လွှတ်တော်တွင် ရှင်းလင်းတင်ပြမည်ဟု ၀န်ကြီးချုပ်ဦးဖြိုးမင်းသိန်းပြော
Reviewed by THITHTOOLWIN
on
21:42
Rating: