နေပြည်တော်၊ ဖေဖော်ဝါရီ ၂
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၇ နာရီအချိန် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ ပြည်ကြီးမျက်ရှင်ကားဝင်းအတွင်း တရုတ် အမျိုးသား(၁)ဦးနှင့် အမျိုး သမီးငယ်(၁)ဦးတို့အား မသင်္ကာဖွယ်တွေ့ရ၍ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၁၁)မှ တပ်ဖွဲ့ဝင်များ၊ ညောင်ကွဲအမျိုးသမီးရေးရာအဖွဲ့မှ အဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ ခေါ်ယူ စစ်ဆေးခဲ့ပါသည်။
အမျိုးသမီးမှာ ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်နေ မ××××(၂၀)နှစ်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဩဂုတ်လက အိမ်နီးချင်းနေ ဒေါ်ခင်စန်း(စိစစ်ဆဲ)နှင့် ဒေါ်ခင်စန်း၏သားဖြစ်သူ အားဖူ(ခ) သိန်းရင်ထွေး(စိစစ်ဆဲ)တို့မှ ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန်းဌေး အား တရုတ်တစ်ယောက်က မိန်းမလိုချင်ကြောင်း၊ မြန်မာ ပြည်တွင် ကုမ္ပဏီထူထောင်မည်ဖြစ်ကြောင်း၊ လုပ်ငန်းများအား နာမည်လွှဲပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးသဖြင့် ၎င်းနှင့် မိခင်ဖြစ်သူတို့မှ သဘောတူခဲ့ကြသည်။
တစ်ပတ်ခန့်အကြာ ကျယ်ကျန်း ပြည်နယ်၊ လင်းဟူမြို့နယ်၊ စဲကျုံရွာနေ Mr.Xu Ming Qiang (ခ)ရှီမင်ကျန်း(၄၈)နှစ် (ပတ်စ်ပို့အမှတ်PPE29508689(ဗီဇာအမှတ် D197523၊ လုပ်ငန်း ဗီဇာ၊ သက်တမ်း ၅.၁၂.၁၇ မှ ၁၃.၂.၁၈)အား ဒေါ်ခင်စန်းနှင့် အားဖူ တို့မှ ခေါ်ဆောင်လာကာ ၎င်း၏မိခင်ဖြစ်သူနှင့် တွေ့ပေး ခဲ့ကြောင်း၊ ၂ ရက်ခန့်အကြာ ပတ်စ်ပို့/ဗီဇာ လုပ်ရန်အတွက် ရန်ကုန် သွားရမည်ဟုပြော ဆိုကာ ညနေပိုင်းတွင်၎င်းနှင့်မိဘများအား ရန်ကုန်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရန်ကုန်တွင် ဒေါ်ခင်နှင်းဝေလှိုင် (စိစစ်ဆဲ)မှ ဦးဆောင်ပြီး ကျမ်းကျိမ်လွှာ၊ လက်ထပ်စာချုပ်၊ ပတ်စ်ပို့၊ ဗီဇာများပြုလုပ်၍ စာချုပ်ချုပ် ဆိုကာ Mr.Xu Ming Qiang(ခ)ရှီမင်ကျန်းမှ ၎င်း၏ မိဘများအား မြန်မာငွေကျပ်(၆၀)သိန်းနှင့် အားဖူအား မြန်မာငွေ ကျပ်(၂၀)သိန်း ပေးခဲ့ကြောင်း သိရှိရပါသည်။
ထို့အပြင် ရက်မမှတ်မိက ကျောက်မဲမြို့နယ်နေ မ××××(၁၄)နှစ်နှင့် ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက ကျောက်မဲမြို့နယ်နေ မ×××× (၁၇)နှစ်၊ မ××××(၂၃)နှစ်တို့အား လက်ထပ် စာချုပ်၊ ပတ်စ်ပို့၊ ဗီဇာများပြုလုပ်၍ တရုတ်နိုင်ငံသို့ ပို့ဆောင်ပြီး ဖြစ်ကြောင်း၊ ထပ်မံ၍ မ××××(စိစစ်ဆဲ)နှင့် မ××××× (စိစစ်ဆဲ) တို့အား တရုတ်ယောင်္ကျားယူရန် ဒေါ်ခင်စန်းမှ စည်းရုံး၍ ခေါ်ဆောင်သွားကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ သဖြင့် Mr.Xu Ming Qiang(ခ) ရှီမင်ကျန်း၊ ဒေါ်ခင်စန်း၊ အားဖူ(ခ)သိန်းရင်ထွေး တို့ (၃) ဦးအား မဟာအောင်မြေမြို့မရဲစခန်း (ပ)၅၂/၂၀၁၈၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် လည်းကောင်း၊ Mr.Xu Ming Qiang (ခ) ရှီမင်ကျန်း အား မဟာအောင်မြေမြို့မရဲစခန်း (ပ)၅၃/၂၀၁၈၊ လဝကအက် ဥပဒေပုဒ်မ ၄(၂)/၁၃(၁) ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်စစ်ဆေးလျက်ရှိ ကြောင်း သတင်းရရှိသည်။
ရဲဇာနည်
https://www.facebook.com/yezarnimedia/
တရုတ်ယောင်္ကျားနှင့်ယူရန် စည်းရုံးခေါ်ဆောင်သူများအား အမှုဖွင့်စစ်ဆေးလျက်ရှိ
Reviewed by THITHTOOLWIN
on
20:35
Rating:
![တရုတ်ယောင်္ကျားနှင့်ယူရန် စည်းရုံးခေါ်ဆောင်သူများအား အမှုဖွင့်စစ်ဆေးလျက်ရှိ](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinkSPSjyR03QzivdD5vW1wQFkg8AR1aVE-m5gXoleBj7AKNG_Mk-lKBOscqJxe6Rk61JkGKHvKcgA5ZpjlSLtqKuFuZsq-YfCYPeRteBQbdHu_wtXnNAWGFinJ6A5DUfbzEP1DnuDsIhBL/s72-c/1.jpg)