အင်းဒင် ကိစ္စမှာ ပါဝင်ပတ်သက်သူ ၁၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူဖို့ ပြည်ထဲရေးထံ အကြောင်းကြား

ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ မွတ်စလင် ၁ဝ ဦးကို ၂ဝ၁၇ စက်တင်ဘာလ ၂ ရက်နေ့က တွေ့ရစဉ်/ Photo: Reuters
ရခိုင်ပြည်နယ် မောင်တောမြို့နယ် အင်းဒင်ကျေးရွာမှာ မွတ်စလင် အမျိုးသား ၁၀ ဦး သတ်ဖြတ်ခံခဲ့ရမှုနဲ့ ပါဝင် ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ ဦး၊ ရဲတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒေသခံ ၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူနိုင်ဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ အကြောင်းကြားထားတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး က ဒီနေ့ ပြောပါတယ်။

တပ်မတော်သား ၇ ဦး ကို တပ်မတော် လုပ်ထုံးလုပ်နည်းနဲ့အညီ စစ်ဘက်ဆိုင်ရာခုံရုံးကနေ အရေးယူသွားမှာဖြစ်ပြီး ကျန်တဲ့သူတွေကို အရပ်ဘက်ဥပဒေနဲ့အညီ အရေးယူဖို့ အကြောင်းကြားထားတာလို့ ဦးဇော်ဌေး က ပြောပါတယ်။

အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မောင်တောဒေသကို သတင်းမီဒီယာတွေ လွတ်လပ် စွာ ဝင်ထွက်သွားလာနိုင်ခွင့်ပေးဖို့ အစိုးရဘက်က စဉ်းစားနေတာတွေရှိကြောင်းနဲ့ သတင်းမီဒီယာတွေ အနေနဲ့ နှစ်ဖက်မျှမျှတတ သတင်းရေးသားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာအစိုးရက အဆင်သင့်ဖြစ်နေပြီဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်ကနေ မြန်မာနိုင်ငံဘက် ပြန်လာဖို့ ဦးဆောင်သူနှစ်ဦးကို ARSA အကြမ်းဖက်အဖွဲ့ဝင်တွေက သတ်ပြီး နှစ်နိုင်ငံလွှဲပြောင်းရေး လုပ်ငန်းစဉ် ကြန့်ကြာပျက်ဆီးအောင် ခြိမ်းခြောက် လုပ်ဆောင်နေတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့က စတင်ပြီး နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဘင်္ဂလားဒေ့ရှ်ဘက် က ဒုက္ခ သည်တွေကို မြန်မာအစိုးရက ပြန်လည်လက်ခံဖို့ အဆင်သင့်ဖြစ်ပြီလို့ ကြေညာထားပေမယ့် ဒီနေ့အထိ ပြန်လာသူ တစ်ဦးမှ မရှိသေးပါဘူး။

မြန်မာနိုင်ငံဘက်မှာ ကျန်ရှိနေသူတွေကိုလည်း မနေရဲအောင် အကြမ်းဖက် အဖွဲ့ဝင်တွေက ခြိမ်းခြောက် ပြောဆိုထား တဲ့ အထောက်အထားတွေကို အစိုးရဘက်က ရရှိထားတယ်လို့ ဦးဇော်ဌေး က ပြောပါတယ်။

RFA Burmese
https://www.rfa.org/burmese
အင်းဒင် ကိစ္စမှာ ပါဝင်ပတ်သက်သူ ၁၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူဖို့ ပြည်ထဲရေးထံ အကြောင်းကြား အင်းဒင် ကိစ္စမှာ ပါဝင်ပတ်သက်သူ ၁၆ ဦး ကို ဥပဒေနဲ့အညီ အရေးယူဖို့ ပြည်ထဲရေးထံ အကြောင်းကြား Reviewed by THITHTOOLWIN on 20:15 Rating: 5
Powered by Blogger.