အစုအပြုံလိုက် မြုပ်နှံမှု မရှိဟု အစိုးရပြောကြား၊ ရွာသားတွေက ရှိကြောင်းထပ်မံပြောဆို


မြန်မာအစိုးရက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာအနီးမှာ ရုပ်အလောင်းတွေ အစုလိုက် အပြုံလိုက် မြု့ပ်နှံထားကြောင်း AP အေပီသတင်းဌာနရဲ့ ဖော်ပြချက်နဲ့ စပ်လျဉ်းပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ရာမှာ မှန်ကန်မှုမရှိကြောင်း တွေ့ရှိခဲ့ရတဲ့အပြင် ကျေးရွာသားတွေနဲ့ တွေ့ဆုံမေးမြန်း ခဲ့ရာမှာလည်း မြုပ်နှံထားတဲ့ကျင်းတွေ မရှိကြောင်း ပြောကြားခဲ့ကြတယ်လို့ မနေ့က သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းစဉ် ဂူတာပြင်ကျေးရွာအတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားများနဲ့ ရွာသားများပါဝင်တဲ့ အင်အား ၅၀၀ ခန့်က တိုက်ခိုက်လာခဲ့ကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြန်လည်ပစ်ခတ်ခဲ့ရာမှာ ARSA အစွန်းရောက် အကြမ်းဖက်သမားအလောင်း ၁၉ လောင်းကို ရရှိခဲ့ကြောင်းလည်း အစိုးရရဲ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ရန်ကုန်ကလာတဲ့ Reuters ရိုက်တာသတင်းမှာတော့ အဲဒီ ဂူတာပြင်ရွာမှာ မနေ့က ရှိနေခဲ့တဲ့ ရွာသားတွေက တယ်လီဖုန်း နဲ့ ပြောကြားရာမှာ အစိုးရအရာရှိတွေ သူတို့ရွာကို မနေ့ကလာပြီး ဓါတ်ပုံတွေရိုက်ကာ ရွာသားတွေကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း၊ အရာရှိတွေက သူတို့ရွာသားဘယ်လောက် အသတ်ခံခဲ့ရသလဲ၊ အိမ်တွေကို ဘယ်သူက မီးရှို့တာလဲ၊ အစုအပြုံလိုက်မြုပ်နှံထားတဲ့ ကျင်းတွေ ရှိတယ်ဆိုတာ ဟုတ်သလား စသဖြင့် မေးမြန်းခဲ့ကြောင်း၊ ကြောက်ရွံ့နေတဲ့ ရွာသားတွေက လူတွေဘယ်လောက်သေပြီး အိမ်တွေကို ဘယ်သူမီးရှို့သလဲဆိုတာ သူတို့မသိကြောင်း၊ ဒါပေမယ့် သေဆုံးသူတွေကို အစုအပြုံလိုက် မြုပ်နှံထားတဲ့ကျင်းတွေတော့ရှိကြောင်း ဖြေကြားခဲ့ကြတယ်လို့ ဆိုပါတယ်။

ရွာသားတဦးကလည်း သူ့အိမ်နံဘေးက လူတွေမြုပ်နှံထားတဲ့ ကျင်းတကျင်းကို အရာရှိတဦးက ဓါတ်ပုံရိုက်ယူသွားကြောင်း ပြောကြားပါတယ်။ လာရောက်ကြည့်ရှုတဲ့ အစိုးရ အရာရှိတွေ အခုပြန်သွားကြပြီဖြစ်ပေမယ့် စစ်သားတွေ အများအပြား ကျန်ရှိနေသေးတဲ့အတွက် ရွာသားတွေက ကြောက်ရွံ့နေကြတယ်လို့လည်း သူကပြောပါတယ်။

ရွာသားတွေက သူတို့ရွာမှာ လူတွေ အစုအပြုံလိုက်မြုပ်နှံထားတဲ့ ကျင်းတွေရှိနေတာမှန်ကန်ကြောင်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာရှိတဲ့ ရိုက်တာသတင်းထောက်ကို ထပ်မံပြောကြားကြတယ်လို့လည်း ဆိုပါတယ်။ အခုအချိန်အထိ အဲဒီ ဒေသကို အစိုးရက သတင်းထောက်တွေ သွားခွင့်မပြုပါဘူး။

ဒီအတောအတွင်း ဂျနီဗာမြို့ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာရုံးက မြန်မာအစိုးရ အနေနဲ့ ဖမ်းဆီးထားတဲ့ ရိုက်တာသတင်းထောက် ၂ ဦးကို အမြန်ဆုံးလွှတ်ပေးဖို့ နဲ့ သူတို့အပေါ်စွဲဆိုထားတဲ့ အမှုကိုလည်း ရုပ်သိမ်းပေးဖို့ မနေ့က ထပ်မံတောင်းဆိုလိုက်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အစုအပြုံလိုက် မြုပ်နှံမှု မရှိဟု အစိုးရပြောကြား၊ ရွာသားတွေက ရှိကြောင်းထပ်မံပြောဆို အစုအပြုံလိုက် မြုပ်နှံမှု မရှိဟု အစိုးရပြောကြား၊ ရွာသားတွေက ရှိကြောင်းထပ်မံပြောဆို Reviewed by THITHTOOLWIN on 07:46 Rating: 5
Powered by Blogger.