ဒုက္ခသည်ပြဿနာဖြေရှင်းဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်

Photo: UNHCR in Bangladesh Facebook
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က ထွက်ပြေးလာခဲ့ကြတဲ့ ဒုက္ခသည် ပြဿနာအပေါ် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အပြီးအပြတ် ဖြေရှင်းနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ် မြန်မာနှစ်နိုင်ငံအပြင်၊ နိုင်ငံစုံသံတမန်ရေးနည်းလမ်းတွေနဲ့ ဆက်လက်ဆောင်ရွက်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး မာမွတ်အလီက မနေ့က အောက်လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။

ဒုက္ခသည်တွေ မူလနေရပ် ပြန်ရေးအတွက် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက်နေ့မှာ စတင်ဖို့ နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ကြပေမဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က အဆင်သင့်မဖြစ်လို့ ရက်ရွှေ့ဆိုင်းခဲ့ရပါတယ်။

ဇန်န၀ါရီ ၁၆ ရက်နေ့ကတော့ ဒုက္ခသည် ပြန်ပို့တဲ့လုပ်ငန်းစတင်ပြီး နှစ်နှစ်အတွင်း ပြီးပြတ်အောင်ဆောင်ရွက်ဖို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒါပေမဲ့ ကုသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ ယူနီဆက်ကတော့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေ စိတ်မချရသေးကြောင်း အစောပိုင်း က သတိပေးပြောဆိုခဲ့ပါတယ်။

ဒီအတွင်း နှစ်နိုင်ငံ နယ်စပ်တလျောက် တရားမဝင် ဝင်ရောက်မှု၊ မူးယစ်ဆေးမှောင်ခိုနဲ့ တခြားရာဇဝတ်မှုတွေ ပိုတားဆီးကာကွယ်တဲ့အနေနဲ့ သံဆူးကြိုးတပ်စည်းရိုး ကာရံဖို့နဲ့ မိုင် ၁၇၀ နီးပါးရှည်တဲ့ စည်းရိုးပတ်လမ်း ဖေါက်လုပ်မယ်လို့ ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဲသလို ပြောဆိုချိန်မှာပဲ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနှစ်နိုင်ငံ နယ်နမိတ်ကြားခံနယ်မြေအတွင်း မိုင်းနင်းမိတဲ့အတွက် ဘင်္ဂလားဒေ့ရှ် လယ်သမားတဦး ခြေထောက် နှစ်ဖက်လုံး ပြတ်တောက်သွားခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ် အရာရာရှိတွေက မနေ့ကပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် တောင်ပိုင်း နယ်စပ် နိုင်ခွန်ချာရီမြို့အနီးမှာ စနေနေ့က ဖြစ်ပွားခဲ့တာပါ။

မြန်မာနယ်စပ်အနီး ကြားခံနယ်မြေအတွင်း နွားတွေ ဝင်ရောက်သွားတဲ့အတွက် သွားကောက်ရာက မိုင်းနင်းမိတာလို့ သိရပါတယ်။

မြန်မာနဲ့ နယ်စပ်တလျောက်မှာ မြန်မာလုံခြုံရေးတပ်တွေက မြေမြှုပ်မိုင်းတွေ မြှုပ်ထားတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စွပ်စွဲထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

ဒုက္ခသည်ပြဿနာဖြေရှင်းဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက် ဒုက္ခသည်ပြဿနာဖြေရှင်းဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက် Reviewed by THITHTOOLWIN on 10:13 Rating: 5
Powered by Blogger.