မြောက်ဦးဖြစ်စဉ်တွင် ဒဏ်ရာရ၍ စစ်တွေဆေးရုံ ကြီးတွင် ကုသနေရသူ ၈ ဦးကို စစ်တွေအကျဉ်ထောင်သို့ ပို့ဆောင်


စစ်တွေ၊ ဖေဖော်ဝါရီ ၂

မြောက်ဦးဖြစ်စဉ်တွင် သေနတ်ဒဏ်ရာရ၍ စစ်တွေဆေးရုံကြီးတွင် တက်ရောက်ကုသ နေရသူ ၈ ဦးအား ယနေ့ ညနေ ၅ နာရီ အချိန်ခန့်တွင် စစ်တွေအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

“ဒီလူနာတွေက ကျန်းမာအခြေအနေကလည်း စိတ်ချရတဲ့အခြေအနေမဟုတ်သေးဘူး။ အခုလိုထောင်ကိုပို့လိုက်တော့ ကျနော်တို့က တအားစိုးရိမ်တာပေါ့။ လက်ထိပ်တွေကလည်း လက်တွေမှာတောင်မကဘူး။ ခြေတွေမှာရော ခတ်ပြီးယူသွားကြတယ် ” ဟု လူနာရှင်၏ ဖခင်တစ်ဦးဖြစ်သူ ဦးအေးမောင်သိန်းက ပြောသည်။

အဆိုပါ လူနာ ၈ ဦးသည် ဇန်နဝါရီလ ၁၆ ရက်နေ့ ညပိုင်းက မြောက်ဦးမြို့နယ် ရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လူစုလူဝေးဖြင့် ရခိုင်အချုပ်အခြာ အာဏာကျဆုံးခြင်း အခမ်းအနား ပြုလုပ်ခွင့်နှင့် ဒေါက်တာအေးမောင်တို့ စာပေဟောပြောခွင့် ရရှိရေး ဆန္ဒဖော်ထုတ်ရာတွင် ရဲတပ်ဖွဲ့မှ သေနတ်ပစ်ဖောက်၍ လူစုဖြိုခွင်းရာတွင် သေနတ်ထိမှန်၍ စစ်တွေ ဆေးရုံတွင် တက်ရောက် ကုသခံနေသူများဖြစ်သည်။

သူတို့၈ ဦးသည် မြောက်ဦးဖြစ်စဉ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ပစ္စည်းများကို ဖျက်ဆီးခဲ့သူများအထဲတွင် ပါဝင်သည်ဟု စွပ်စွဲခံထားရပြီး ပြည်သူပိုင်ပစ္စည်းအလွဲသုံးစားလုပ်မှုဖြင့် အမှုဖွင့်ခံထားရသည်များဖြစ်ကြောင်း သိရသည်။

ထောင်သို့ ပြောင်းရွှေ့ခံရသူ ၈ ဦးမှာ ဦးကျော်ကျော်နိုင်၊ မောင်ကျော်ဝင်းနိုင်၊ ဦးသန်းဇော်၊ ထွန်းကျော်စိန်၊ မောင်အောင်ဌေး၊ အောင်ကျော်မြင့်၊ ကျော်မင်းနိုင်နှင့် မောင်ကိုချေမောင်တို့ ဖြစ်ကြောင်း သိရသည်။

နောင်ခိုင်အောင်
Narinjara
https://www.facebook.com/Narinjara
မြောက်ဦးဖြစ်စဉ်တွင် ဒဏ်ရာရ၍ စစ်တွေဆေးရုံ ကြီးတွင် ကုသနေရသူ ၈ ဦးကို စစ်တွေအကျဉ်ထောင်သို့ ပို့ဆောင် မြောက်ဦးဖြစ်စဉ်တွင် ဒဏ်ရာရ၍ စစ်တွေဆေးရုံ ကြီးတွင် ကုသနေရသူ ၈ ဦးကို စစ်တွေအကျဉ်ထောင်သို့ ပို့ဆောင် Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.