တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့် ဝန်ထမ်းတစ်ဦး၏ လက်အား ကျားကိုက်ခံရ


နေပြည်တော် ဖေဖော်ဝါရီ ၂

မန္တလေးတိုင်းဒေသကြီး တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့်ဝန်ထမ်းတစ်ဦး ဇန်နဝါရီ ၃၁ ရက်ညနေ ၃ နာရီခွဲက ကျားကိုက်ခံခဲ့ ရကြောင်းသိရသည်။

ဖြစ်စဉ်မှာ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ ဇန်နဝါရီ ၁ရက်က စတင်အစမ်းခန့်ထားသည့် ဝန်ထမ်းဦးရဲမာန်ဦး (Junior Keeper) ကို ဇန်နဝါရီ ၃၁ ရက်တွင် Senior Keeperဦးအောင်မြဆန်း၊ ဦးအောင်နိုင်တို့နှင့်အတူ ဝက်ဝံပြကွက်နှင့် မိကျောင်းပြကွက်များတွင်တွဲဖက် တာဝန်များ ပေးအပ်ခဲ့ကြောင်းသိရသည်။

၎င်းသည် ဇန်နဝါရီ ၃၁ ရက် ညနေ ၃ နာရီခွဲတွင် ကျားရုံပြကွက်သို့မိမိသဘောအရသွားရောက်ကာ အသက်သုံးနှစ်အရွယ် ရှိကျားမလေးအား ပွတ်သပ်ကိုင်တွယ်ရာမှ ၄င်း၏ ဘယ်ဘက်လက်ကောက်ဝတ်အား ငုံခဲလိုက်သဖြင့် ကျားရုံတာဝန်ကျ Keeperများမှ ကူညီဆောင်ရွက်ပေးမှုကြောင့် ဒဏ်ရာ (မစိုးရိမ်ရ)ရရှိခဲ့၍ ဆေးဝါးများကုသပေးလျက်ရှိသည်။

''ဒီကျားမလေးက ငယ်ငယ်ကတည်းက နို့ဘူးတိုက်ပြီး မွေးထားတဲ့ကျားမလေးပါ။ လူတွေနဲ့လည်း ရင်းရင်းနှီးနှီး ပွတ်သပ်နေထိုင် ပြီး အလွန်ယဉ်ပါးတဲ့ ကျားမလေးပါ။ ဒီကျားမလေးက မိတ်လိုက်ချိန် စိတ်အပြောင်းအလဲရှိနေလို့အခုလိုငုံခဲလိုက်တာပါ။ ပြီးတော့ ဝန်ထမ်းက လည်း ဒီကျားမလေးနဲ့မရင်းနှီးသေးတာလည်းပါမယ်။ ဒီဝန်ထမ်းကိုတော့ ဝက်ဝံပြကွက်နဲ့ မိကျောင်းပြကွက်တွေမှာ တွဲဖက်တာဝန်ချထားတာ ပါ။ ကျွန်တော့်အနေနဲ့ တိရစ္ဆာန်ကို လာရောက် ကြည့်ရှုကြတဲ့ ဧည့်သည်တွေနဲ့ ကလေးငယ်များလည်း ကျားခြံသံတိုင်းကြားကို အစာကျွေးခြင်း၊ရန်မူတတ်လာအောင် စနောက်ခြင်းများ မပြုလုပ်ကြရန် မေတ္တာရပ်ခံချင်ပါတယ်။ တိရစ္ဆာန်ဆိုတာ ဘယ်လောက်ယဉ်ပါးနေယဉ်ပါးနေ အန္တရာယ်ဆိုတာ သတိထားဆင်ခြင်သင့်ပါတယ်''ဟု တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) အုပ်ချုပ်ရေးမှူး ဦးသိန်းမင်းအောင်က ပြောသည်။

တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)တွင် ကျားအထီး ငါးကောင်၊ ကျားမလေးကောင် စုစုပေါင်း ကိုးကောင်ရှိပြီး နို့တိုက်တိရစ္ဆာန် ၃၁၄ ကောင် နှင့် တွားသွားတိရစ္ဆာန် ၃၇၁ စုစုပေါင်း အကောင်ရေ ၁၁ဝဝ ပြသထားကြောင်း သိရသည်။

ဟိန်းထက်ဇော်(မြန်မာ့အလင်း)၊ ဓာတ်ပုံ-သိန်းမင်းအောင်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့် ဝန်ထမ်းတစ်ဦး၏ လက်အား ကျားကိုက်ခံရ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ)၌ အစမ်းခန့် ဝန်ထမ်းတစ်ဦး၏ လက်အား ကျားကိုက်ခံရ Reviewed by THITHTOOLWIN on 20:41 Rating: 5
Powered by Blogger.