ညောင်တုန်း - ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်း အသင်းစုကျေးရွာအနီး၌ ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က တရားမဝင် ဝင်ရောက်လာသူ ၂၁ ဦးပါ ကုန်တင်ယာဉ်အား ဖမ်းမိခဲ့သည်။
ဖြစ်စဉ်မှာ ရဲအုပ်သူရိန်လင်းသည် ဆားမလောက်ရဲကင်းရဲစခန်း၌ စခန်းမှူး တာဝန် ဆောင်ရွက်နေစဉ် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ၂၉/၅ နှင့် ၂၉/၆ အကြား အသင်းစုကျေးရွာအနီး ရန်ကုန်အတက်ကားလမ်းဘေးတွင် ရပ်တန့်ထားသော ကုန်တင်ယာဉ်တစ်စီးပေါ်တွင် မသင်္ကာဖွယ်ရာလူများ တင်ဆောင်ထားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ တင်ထွန်းအောင်မောင်းနှင်ပြီး ထွန်းထွန်းနိုင်(ခ) သားသား လိုက်ပါလာသည့် ယာဉ်အမှတ် 9I/---- Foton အမျိုးအစား ကုန်တင်ယာဉ်ပေါ်တွင် သိုဝှက်သယ်ဆောင်လာသည့် တရားမဝင် ဝင်ရောက်လာသူ ၂၁ ဦးအား တွေ့ရှိရ၍ ညောင်တုန်းမြို့နယ် လူဝင်မှု ကြီးကြပ်ရေးဦးစီးဌာနနှင့် ချိတ်ဆက် စစ်ဆေးဆောင်ရွက်ခဲ့ရာ ယာဉ်မောင်း တင်ထွန်းအောင်က အဆိုပါ တရားမဝင် ဝင်ရောက်လာသူ ၂၁ ဦးအား ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှ ရန်ကုန်မြို့သို့ အခကြေးငွေ ရယူကာ ပို့ဆောင်ပေးရန် သယ်ဆောင်လာခြင်းဖြစ်ပြီး ထွန်းထွန်းနိုင်(ခ)သားသား ကလည်း ပို့ဆောင်ရာတွင် လိုက်ပါကူညီဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့ရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင် ဝင်ရောက်လာသူ ၂၁ ဦးအား ညောင်တုန်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန ဦးစီးမှူးက အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး ရခိုင် ပြည်နယ် သံတွဲမြို့မှ ရန်ကုန်မြို့သို့ အခကြေးငွေယူကာ ပို့ဆောင်ခဲ့သူ ယာဉ်မောင်း တင်ထွန်းအောင်နှင့် ပို့ဆောင်ရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ခဲ့သူ ထွန်းထွန်းနိုင်(ခ) သားသားတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဓါတ်ပုံ - ထွန်းကျော်(ညောင်တုန်း)
မြို့နယ် (ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ညောင်တုန်း၌ တရားမဝင် ဝင်ရောက်လာသူ ၂၁ ဦး တင်ဆောင်လာသော ကုန်တင်ယာဉ်တစ်စီး ဖမ်းမိ
Reviewed by THITHTOOLWIN
on
09:21
Rating: