တပ်မတော်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်နေ


မြစ်ကြီးနား ဖေဖော်ဝါရီ ၂

ကချင်ပြည်နယ်၊ မိုးကောင်း-ဖားကန့်လမ်းပေါ်တွင် တပ်မတော်နှင့် ကေအိုင်အေ ရင်း(၁၁)တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်နေပြီး ခရီးသွားပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အဆိုပါလမ်းအတွင်း ဖြတ်သန်းသွား လာမှုကို ယာယီပိတ်ထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၁)ရက် နံနက်(၈)နာရီခန့်က လွယ်လီယန်ကျေးရွာနှင့် ဒွန်ဘုံးခကျေးရွာကြား ဖိုးထူးကွေ့၌ ကေအိုင်အေ ရင်း(၁၁)မှ တနိုင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-ဖားကန့်လမ်းအတွင်း ဖြတ်သန်းသွားလာ နေသော အတက်၊ အဆင်းယာဉ်များထံမှ တစ်ပတ်ခန့် ဆက်ကြေးကောက်ခံနေကြောင်းသိရသဖြင့် တပ်မတော်မှ နယ်မြေရှင်းလင်းရာ၌ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် ဖားကန့်-မိုးကောင်းလမ်းပေါ်ရှိ မိုးကောင်း(၈)မိုင် လမ်းဆုံးဂိတ်နှင့် ကာမိုင်း-လဝါး လမ်းဆုံးဂိတ်၊ လီဒိုလမ်းပေါ်ရှိ မရန်ကထောင်ဂိတ်များအတွင်း ဖြတ်သန်းသွားလာနေသော ခရီးသွား ပြည်သူများနှင့်ကားများအား ယာယီပိတ်ထားကြောင်းသိရသည်။

ထို့ပြင် မိုးကောင်း-ဖားကန့်လမ်းပေါ်ရှိ လဘန်ကထောင်ကျေးရွာ၌လည်း ကေအိုင်အေ ရင်း(၆)မှ ဆက်ကြေး ကောက်ခံမှုကြောင့် ဖေဖော်ဝါရီ(၁)ရက် နံနက်(၉)နာရီခန့်၌ နန့်ဟိုင်ကျေးရွာအနီး၌ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။

“ အခုလို တိုက်ပွဲဖြစ်နေတော့ ကျွန်တော်တို့ပြည်သူတွေ ကြောက်လန့်နေရတယ်၊ အိမ်ထဲမှာ မနေရဲကြတော့ပဲ အခု ကျွန်တော်တို့ ဘုရားကျောင်းတွေထဲမှာပဲ စုပေါင်းပြီး ခိုလှုံနေကြပါတယ်။”ဟု ဘာသာရေးကျောင်းဆောင်တစ်ခု၌ ခိုလှုံနေသော နန့်ဟိုင်ကျေးရွာနေ ပြည်သူတစ်ဦးကပြောသည်။

တနိုင်း-မြစ်ကြီးနား၊ မြစ်ကြီးနား-ဖားကန့်နှင့် မိုးကောင်း-ဖားကန့်လမ်းပေါ်တွင် ကေအိုင်အေတပ်ဖွဲ့မှ ခရီးသွား ယာဉ်များနှင့် ကျေးရွာနေပြည်သူများထံမှ ဆက်ကြေးကောက်ခံနေမှုများကြောင့် တပ်မတော်နှင့် ကေအိုင်အေတို့ကြား ယခုကဲ့သို့ တိုက်ပွဲများဖြစ်ပွားနေပြီး ခရီးသွားပြည်သူနှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ထိတ်လန့်နေမှုများ ရှိနေ ကြောင်းသိရှိရသည်။

လွမ်းအောင် / EPN
https://www.facebook.com/epngnews/
တပ်မတော်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်နေ တပ်မတော်နှင့်ကေအိုင်အေတို့ကြား တိုက်ပွဲများကြောင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများ ကြောက်ရွံ့ ထိတ်လန့်နေ Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.