ကန့်ကွက်တဲ့အမတ်ရဲ့ တင်ပြချက်ကို မဲခွဲမဆုံးဖြတ်ပဲ လွှတ်တော်မှာ အတည်ပြု

အမျိုးသားလွှတ်တော် အစည်းအဝေးကျင်းပနေစဉ်
နိုင်ငံ့ဝန်ထမ်း ဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်တဲ့ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှာ ဖေဖော်ဝါရီလ ၂ ရက်နေ့ကဆွေးနွေးခဲ့ရာမှာ အရပ်သား လွှတ်တော် ကိုယ်စားလှယ်တချို့ကကန့်ကွက်လိုတဲ့ အချက်တွေရှိခဲ့ပေမဲ့ သူတို့ အချက်တွေကို မဲခွဲဆုံးဖြတ်ခဲ့ခြင်းမရှိပဲ အတည်ပြုခဲ့ပါတယ်။

အဆို ဒါမှမဟုတ် ဥပဒေကြမ်းတရပ်ပါ အချက်တွေကို ကန့်ကွက်နေတဲ့ အမတ်ရှိလျက်နဲ့ မဲခွဲဆုံးဖြတ်ခြင်းမရှိပဲ အတည်ပြုခဲ့တာဟာ အန်အယ်လ်ဒီဦးဆောင်တဲ့ လွှတ်တော်သက်တမ်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

၂၀ဝ၈ အခြေခံ ဥပဒေ စတင်အသက်ဝင်တဲ့ ၂၀၁၁ ခုနစ်က စလို့ ကျင်းပခဲ့တဲ့ လွှတ်တော်သက်တမ်း ၂ ရပ်အတွင်းမှာ အဆို ဒါမှမဟုတ် ဥပဒေကြမ်းတရပ်ကို ဖြစ်စေ ဥပဒေပါကြမ်းပါ အချက် တချက်ကို ဖြစ်စေ ကန့်ကွက်သူ လွှတ်တော်ကိုယ်စားလှယ် ရှိနေတာကို မဲခွဲဆုံးဖြတ် သဘောဆန္ဒရယူမှု မရှိပဲ အတည်ပြုတာဟာ ပထမဆုံးအကြိမ်လည်းဖြစ်ပါတယ်။

လွှတ်တော်ထုံးတမ်းအစဉ်အလာအရတော့ အဆိုဒါမှမဟုတ် ဥပဒေတရပ်ကို ကန့်ကွက်မဲ့သူ ( သို့မဟုတ် ) အချက်တချက်ကို ပြင်ချင်သူ ရှိရင်တောင် မဲခွဲဆုံးဖြတ်လေ့ရှိတယ်လို့ အရင် လွှတ်တော်အမတ်ဟောင်းတဦးကလည်း ပြောပါတယ်။

ဖေဖော်ဝါရီလ ၂ ရက်နေ့ ကလုပ်ခဲ့တဲ့ လွှတ်တော်တွင်း ဆွေးနွေးမှုမှာ တပ်မတော်သားကိုယ်စားလှယ် တချို့ ကန့်ကွက်တဲ့ အချက်တွေကို လက်ခံဆွေးနွေးမဲခွဲပေးခဲ့ပါတယ်။ ဒါပေမဲ့ အန်အယ်လ်ဒီရဲ့ ကိုယ်စားလှယ် တဦး ဦးဆောင်ကန့်ကွက်တဲ့ အချက်ကိုတော့ လက်ခံဆွေးနွေးမဲခွဲဆုံးဖြတ်မှု မရှိဘဲ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ဥပဒေကြမ်းကော်မတီက တင်သွင်းလာတဲ့ နိုင်ငံ့ဝန်ထမ်း ဥပဒေကြမ်းမှာ တပ်မတော်ဟာလည်း နိုင်ငံ့ဝန်ထမ်းဖြစ်ပေမဲ့ တပ်မတော်ဟာ သူ့ရဲ့ သဘောသဘာဝအရ နိုင်ငံ့ဝန်ထမ်းမှာ မပါရဆိုတဲ့ အချက်ဟာ ဥပဒေကြမ်းမှာ ပါနေတဲ့အတွက် ဖြုတ်ဖို့အတွက် ဧရာဝတီတိုင်းဒေသကြီးက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကြည်ဝင်းက ကန့်ကွက်ခဲ့တာဖြစ်ပါတယ်။

တပ်မတော်သားတွေနဲ့ အခြားဝန်ထမ်းတွေနဲ့အတူတူပဲဆိုတာမျိုးလည်း ဖြစ်စေချင်သလို သူတို့နဲ့လည်း တသားတည်းဖြစ်ချင်ပြီး တန်းတူညီမျှရှိမှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အထောက်အကူဖြစ်စေဖို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပေးထားချက်အရ တန်းတူပဲဆိုတာ အများပြည်သူရှေ့မှာ ပြသချင်တဲ့အတွက် ဒီအချက်ကို ပြင်ဆင်ချင်ရတာလို့ ဦးကြည်ဝင်းက ဘီဘီစီကို ပြောပါတယ်။

ရှေ့နေတဦးလည်းဖြစ်တဲ့ ဦးကြည်ဝင်းအနေနဲ့ အဲဒီအချက်ကို ဖြုတ်ဖို့ ဥပဒေကြမ်းကော်မတီမှာလည်း ဆွေးနွေးခဲ့ပြီးဖြစ်ပြီး လွှတ်တော်တွင်းမှာ အများဆန္ဒနဲ့ မဲခွဲဖို့ တောင်းဆိုရာမှာ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာ မြတ်ဉာဏစိုးက အခြေခံဥပဒေနဲ့ မညီဘူးလို့ ပြောဆိုကာ အခြား ဥပဒေတရပ်ကို ညွှန်းဆိုခဲ့ပြီးနောက်လွှတ်တော် ဥက္ကဌက မဲခွဲဆုံးဖြတ်မှု မပြုပဲ အတည်ပြုခဲ့တာလို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲထွဋ်က ပြောပါတယ်။

ပင်စင်ယူတဲ့နေရာမှာ တပ်မတော်သားတွေဟာလည်း အခြားဝန်ထမ်းတွေလိုပဲ အသက် ၆၀ ပြည့်ရင် ယူရမယ်ဆိုတဲ့အချက်အပေါ် အခြေခံပြီး ဦးကြည်ဝင်းက ထောက်ပြခဲ့တာဖြစ်သလို ဥပဒေကြမ်းကော်မတီက အဲဒီအချက်ကိုကျော်လိုက်ပြီး အခြားဝန်ထမ်းဥပဒေတရပ်ကို ညွှန်ပြကာ ရဲနဲ့ တပ်မတော်သားတွေဟာ အခြားဝန်ထမ်းတွေနဲ့ မတူပဲ သတ်သတ်ဖြစ်တယ်ဆိုပြီး ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးက ပြောသွားတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ပယ်ချဖို့ အကြံပြုခဲ့သူ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဒေါက်တာမြတ်ဉာဏစိုးကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး။

ဦးကြည်ဝင်း တင်ပြဆွေးနွေးဖို့ စီစဉ်တဲ့ အချက်တွေထဲမှာ ဦးနေဝင်းလက်ထက်ကတည်းက ပြဌာန်းထားတဲ့ တပ်မတော်ဥပဒေတွေ ရာဇသတ်ဥပဒေတွေမှာ တပ်မတော်သားတွေဟာ နိုင်ငံ့ဝန်ထမ်းတွေပဲဖြစ်တယ်ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။

ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နိုင်ငံ့ဝန်ထမ်းခေါင်းစဉ်အောက်က ပုဒ်မ ၂၉၁ နဲ့ ၂၉၂ မှာတော့ နိုင်ငံ့ဝန်ထမ်းဖြစ်သည့် တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်များသည် ထူးခြားသည့်အလျောက် တပ်မတော်ဆိုင်ရာ သီးခြားဥပဒေ ၊ ရဲတပ်ဖွဲ့ဆိုင်ရာ သီးခြားဥပဒေများနှင့် အညီ ဆောင်ရွက်ရမယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တပ်မတော်သားနဲ့ ရဲဆိုတာ နိုင်ငံ့ဝန်ထမ်းဆိုတာပါပြီး ဥပဒေမူကြမ်းမှာ နိုင်ငံ့ဝန်ထမ်း မဟုတ်ဘူးဆိုတာဖြစ်တော့ ဖွဲ့စည်းပုံနဲ့ ကွဲလွဲဆန့်ကျင်နေတဲ့အတွက် ဒီကန့်ကွက်မှုကို လွှတ်တော်မှာ မဲခွဲဆုံးဖြတ်သင့်တယ်လို့ ဥပဒေကြမ်းကော်မတီဝင် တဦးဖြစ်ပြီး ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့ ဦးအောင်သိန်းက ပြောပါတယ်။

ဒီလို မဲခွဲဆုံးဖြတ်မှုမရှိပဲ ဆုံးဖြတ်တာဟာ ဒီမိုကရေစီနဲ့လည်း ဆန့်ကျင်တယ်လို့ ဦးအောင်သိန်းကပြောပါတယ်။

သမ္မတက ပေးပို့လာတဲ့ နိုင်ငံ့ဝန်ထမ်း ဥပဒေကို ပြင်ဆင်တဲ့ ဒုတိယအကြိမ်မြောက် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က အတည်ပြုခဲ့ပြီးနောက်မှာတော့ ပြည်သူ့လွှတ်တော်မှာ ဆက်လက် ဆွေးနွေးဦးမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ကန့်ကွက်တဲ့အမတ်ရဲ့ တင်ပြချက်ကို မဲခွဲမဆုံးဖြတ်ပဲ လွှတ်တော်မှာ အတည်ပြု ကန့်ကွက်တဲ့အမတ်ရဲ့ တင်ပြချက်ကို မဲခွဲမဆုံးဖြတ်ပဲ လွှတ်တော်မှာ အတည်ပြု Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.