ဦးကိုနီ အမှုမှ တရားစွဲဆိုခံထားရသူ သုံးဦးကို လွှတ်ပေးရန် လျှောက်လဲချက်တင်


ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး လက်ရှိတရားစွဲဆို ခံထားရသူတွေအနက် သေနတ်သမားကြည်လင်း တစ်ဦးကိုသာ စွဲချက်တင်သင့်ပြီး ကျန်သုံးဦးမှာ သက်သေမခိုင်လုံတဲ့အတွက်စွဲချက်မတင်ဘဲ လွှတ်ပေးသင့်ကြောင်း ဖေဖေါ်ဝါရီ(၂)ရက် ရုံးချိန်းမှာ တရားစွဲဆိုခံထားရသူတွေရဲ့ ရှေ့နေ့တွေဘက်က လျှောက်လဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

 ဖေဖော်ဝါရီ(၂)ရက်ရုံးချိန်မှာ တရားလိုပြသက်သေအားလုံးကို စစ်ဆေးပြီးနောက် သေနတ်သမားကြည်လင်း အပါအ၀င်တရားစွဲဆိုခံထားရသူ(၃)ဦးကို လက်ရှိပုဒ်မတွေ အတိုင်းစွဲချက် တင်သင့်၊ မတင်သင့် နှစ်ဖက်ကြားနာမှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

 တရားလိုပြသက်သေတွေ အားလုံးကို စစ်ဆေးချက်တွေမှာ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့အနေနဲ့ အမှုနဲ့ပတ်သက်တယ်လို့ ထွက်ဆိုထားမှု မရှိတာကြောင့် ဥပဒေအရ စွဲချက်မတင်ဘဲ လွှတ်ပေးဖို့တောင်းဆိုတာဖြစ်တယ်လို့ တရားစွဲဆိုခံထားတဲ့ အောင်ဝင်းဇော်နဲ့ အောင်ဝင်းထွန်းတို့ရဲ့ အထက်တန်းရှေ့နေဦးအောင်ခိုင်က ပြောပါတယ်။

 တရားစွဲဆိုခံထားရသူတွေကို ဆက်လက်တရားစွဲဆိုဖို့ သင်၊့ မသင့်နဲ့ပတ်သက်ပြီး လာမယ့်ဖေဖေါ်ဝါရီ(၉)ရက် ရုံးချိန်မှာ တရားသူကြီးက ဆုံးဖြတ်ပေးမှာဖြစ်ပါတယ်။ တိုက်ရိုက်သက်သေ အထောက်ထားမရှိတဲ့အတွက် စွဲချက်မတင်သင့်ဘူးဆိုတဲ့လျှောက်ထားချက်တွေဟာ မိုးကြိုးပစ်တာကို ထန်းလျက်နဲ့ကာဖို့ ကြိုးစားနေတာ ဖြစ်ပြီး သေနတ်သမားကြည်လင်းရဲ့ ရှေ့နေကိုယ်တိုင်က အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုး တို့အတွက် ကိုယ်လွတ်ရုန်းပေးနေတာဟာ စဉ်စားစရာဖြစ်တယ်လို့ ဦးကိုနီရဲ့ရှေ့နေ ဦးနေလ က ပြောပါတယ်။

သေနတ်သမား ကြည်လင်းရဲ့ ရှေ့နေအနေနဲ့က စွဲချက်တင်ရာမှာလည်း ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်ခဲ့မှုဟာ ထင်ရှားတာကြောင့် ၃၀၂ (၁) (ခ)အရ ကြိုတင်ကြံစည်သတ်ဖြတ်မှုနဲ့စွဲချက်တင်သင့်ပေမယ့် တက္ကစီသမားဦးနေ၀င်းကို ပစ်ခတ်မှုမှာတော့ သေစေလိုတဲ့ဆန္ဒနဲ့ ပစ်ခတ်ခဲ့တာ မဟုတ်တဲ့အတွက် ရာဇသတ်ကြီးပုဒ်မ ၃၀၄ လူသေမှုနဲ့သာ စွဲချက်တင်သင့်တယ်လို့ ဒီကနေ့ရုံးချိန်မှာ လျှောက်ထားခဲ့ပါတယ်။

လက်ရှိမှာ တရားလွှတ်တော် ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး သေနတ်သမားဦးကြည်လင်းနဲ့ဇေယျာဖြိုး၊ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်းတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး လူသတ်မှု ဥပဒေပုဒ်မ ၃ဝ၂၊ အားပေးကူညီမှု ပုဒ်မ ၃၄၊ ပြစ်မှုကျူးလွန်သူကို ကူညီမှု ဥပဒေပုဒ်မ ၂၁၂ တို့နဲ့ တရားစွဲထားကာ အမှုမှာ ပါဝင်တဲ့တရားခံပြေး အောင်ဝင်းခိုင်ကိုတော့ဖမ်းဆီးနိုင်ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က စန်းသီရိခင်ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဦးကိုနီ အမှုမှ တရားစွဲဆိုခံထားရသူ သုံးဦးကို လွှတ်ပေးရန် လျှောက်လဲချက်တင် ဦးကိုနီ အမှုမှ တရားစွဲဆိုခံထားရသူ သုံးဦးကို လွှတ်ပေးရန် လျှောက်လဲချက်တင် Reviewed by THITHTOOLWIN on 22:35 Rating: 5
Powered by Blogger.