ကချင်ပြည်နယ် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီများ ကို ဒေသခံများ ကန့်ကွက်

ယနေ့ ဒေသခံများ မြစ်ကြီးနားမြို့တွင် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီတွေကို ကန့်ကွက် ဆန္ဒပြ နေပုံ
ကချင်ပြည်နယ် ဧရာဝတီအရှေ့ဘက်ကမ်းရှိ လယ်ယာမြေများတွင် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်မှုကို အစိုးရဘက်မှ ဖြေရှင်းပေးခြင်း မရှိသော ကြောင့် ဒေသခံများ ယနေ့ ဆန္ဒထုတ်ဖော် ခဲ့ကြပါသည်။

တရုတ် တစ်သျှူး ငှက်ပျော နှင့် ဖရဲစိုက်ပျိုးသည့် ကုမ္ပဏီများ ဝင်လာပြီး မြေယာလုယူမှုများ ဖြစ်ပေါ်လာသည့် အပြင် ဒေသခံများ အချင်းချင်း စိတ်ဝမ်းကွဲမှုများလည်း ဖြစ်နေသည့်အတွက် အစိုးရမှ ဖြေရှင်းပေးရန် ဆန္ဒထုတ်ဖော်ထုတ်သူ တာလောကြီးဒေသခံ ဒေါ်ရင်အုန်း က အခုလိုပြောသည်။

“သဘာဝ ချောင်းမြောင်းတွေလည်း ပျက်စီးကုန်ပါပြီ။ ကိုယ်ပိုင်တဲ့ လယ်မြေတွေကို မတရား ဝင်လုတာတွေ ရှိနေပါတယ်။ ပြောစာရှိရင်လည်း သူတို့ကတော့ အတင်းဝင်ပြီး ငှက်ပျော စိုက် နေပါတယ်။ ဒီ ပြဿနာတွေ ကို သက်ဆိုင်ရာ လူကြီးတွေ ကွင်းဆင်းပြီး ဖြေရှင်းပေးပါလို့ တောင်းဆိုလိုပါတယ်”

စိုက်ပျိုးရေး ကုမ္ပဏီများအသုံးပြုသော ဓါတ်မြေသြဇာ များကြောင့် ကျေးရွာ မွေးမြူရေး တိရစ္ဆာန်များ သေကြေ ပျက်စီး ရကြောင်းလည်း သိရပါသည်။

ကုမ္ပဏီများကြောင့် ဒေသတွင်း ဖြစ်ပျက်လာသည့် ပြဿနာများကို ဥပဒေအရ ဖြေရှင်းပေးရန် ဧပြီလ ၃၀၊ ၂၀၁၇ တွင်တစ်ကြိမ်၊ အောက်တိုဘာလ ၂၊ ၂၀၁၇ တွင် ဒုတိယ အကြိမ် ဒေသခံများ ၏ သဘောထား လက်မှတ် နှင့်အတူ ကချင်ပြည်နယ် ဝန်ကြီးချုပ်ထံ စာ ရေးသား တောင်း ဆိုခဲ့ကြောင်း ပြောပြသည်။

သို့သော်လည်း အစိုးရဘက်မှ တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိခြင်းကြောင့် ဆန္ဒ ဖော်ထုတ်ရခြင်း ဖြစ်သည်ဟု ဆန္ဒပြပွဲ စီစဉ်သည့် ရှမ်းမျိုးနွယ်စုများရေးရာ မှ အတွင်းရေးမှူး ဦးစိုင်းထွန်းရင် က ပြောပါသည်။

“အစိုးရက ဒီလောက် အခွန် ရရဲ့နဲ့ ဘာလို့ မဖြေရှင်းပေးတာလဲ မေးချင်ပါတယ်။ ကား တစ်စီးကို ၅ သိန်းလို့သိရတယ်။ နေ့စဉ် ကားပေါင်းက မနည်းဘူး။ ဒါပေမယ့် ဒီ ငှက်ပျော စိုက်ခင်း နဲ့ မြေယာ ပြဿနာ ကို ဝန်ကြီးချုပ်ထံ ၂ ခါ စာ တင်ထားပြီ။ ဒါပေမယ့် နိုင်ငံတော် အစိုးရက ဘာမှ မလုပ်ပေးလို့ အခုလို တိုင်းရင်းသား နယ်မြေခံတွေနဲ့ ဆန္ဒခံယူပြီး အခုလို ဆန္ဒပြပွဲ ပြုလုပ်ရတာပါ”

ယနေ့ ဆန္ဒပြပွဲ ကြွေးကြော်သံများ မှာ “မြစ်ကြီးနား/ဝိုင်းမော်မြို့နယ်အတွင်း တရုတ်တစ်ရှုး ဌက်ပျောစိုက်ပျိုးမှု အလိုမရှိ၊ နိုင်ငံခြားသားများ ကျူးကျော်ဝင်ရောက် စိုက်ပျိုးမှု အလိုမရှိ၊ ဒေသခံပြည်သူများ အကျိုးမရှိသော ရင်းနှီးမြှုပ်နှံမှု အလိုမရှိ၊ သစ်တောထွက်သယံဇာ ကာကွယ်တားဆီးရေး ဒို့အရေး၊ နိုင်ငံတော်အစိုးရမှ တရားဥပဒေ စိုးမိုးဆောင်ရွက်ပေး ဒို့အရေး" စသည်တို့ ဖြစ်ပါသည်။

ထို့အပြင် ‘နယ်စပ်ဂိတ်များ သစ္စာရှိကြပါ၊ အကျင့်ပျက် ဝန်ထမ်းများအလိုမရှိ’ စသည့် စာတမ်းများ ကိုင်ဆောင် လမ်းလျှောက်ခဲ့သည်ကို တွေ့ရပါသည်။

ဆန္ဒပြပွဲကို ဝိုင်းမော်၊ ရွေညောင်ပင်၊ တာလောကြီး စသည့်ကျေးရွာများမှ ဒေသခံ ၂၀၀ ခန့် ပါဝင်ခဲ့ကြပါသည်။

http://burmese.kachinnews.com/
ကချင်ပြည်နယ် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီများ ကို ဒေသခံများ ကန့်ကွက် ကချင်ပြည်နယ် တရုတ်စိုက်ပျိုးရေး ကုမ္ပဏီများ ကို ဒေသခံများ ကန့်ကွက် Reviewed by THITHTOOLWIN on 21:12 Rating: 5
Powered by Blogger.